တောင်ငူထောင်မှ အကျဉ်းသားများထွက်ပြေးမှုနှင့် စစ်ဆေးခံနေရသော တပ်ကြပ်ကြီး စစ်ကြောရေးတွင် သေဆုံး

By ရွှေနွယ်( မဇ္ဈိမ )
30 May 2023
တောင်ငူထောင်မှ အကျဉ်းသားများထွက်ပြေးမှုနှင့် စစ်ဆေးခံနေရသော တပ်ကြပ်ကြီး စစ်ကြောရေးတွင် သေဆုံး

ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်မှုဖြင့် စစ်ဆေးခံနေရသော တပ်ကြပ်ကြီးကျော်ထွေးသည် ယမန်နေ့ မေလ ၂၉ ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးသွားကြောင်း တောင်ငူထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

မေလ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးသည် ရုံးထုတ်လာစဉ် အစောင့် ရဲတပ်သားများ၏ လက်နက်များအား လုယူပစ်ခတ်၍ ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ကိုဦး လွတ်မြောက်ကာ တစ်ဦးကျည်ထိမှန်၍ ပြန်ဖမ်းမိခဲ့သည်။

ထိုသို့ထွက်ပြေးစဉ်တွင် အစောင့်လိုက်ပါလာသော ထောင်တပ်ကြပ်မောင်မျိုးသေဆုံးခဲ့ပြီး အကျဉ်းသားများဘက်မှ ခြောက်လုံးပြူးတစ်လက်၊ G3 တစ်လက်၊ ကာဘိုင်တစ်လက်နှင့် MA11 တစ်လက် စုစုပေါင်း သေနတ်လေးလက် ရရှိခဲ့သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အစောင့်လိုက်ပါလာသော ဒုရဲအုပ်အေးသော်နှင့် တပ်ကြပ်ကြီး ကျော်ထွေးတို့ကိုဖမ်းဆီးကာ စစ်ကြောရေးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မေလ ၂၉ ရက်နေ့တွင်မူ တပ်ကြပ်ကြီးကျော်ထွေးမှာ စစ်ကြောရေးတွင် သေဆုံးသွားကြောင်း ထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

" ကျော်ထွေးက မနေ့ကသေတယ်။ မနေ့ကပဲ သင်္ဂြိုဟ်လိုက်တယ်။ ဒုရဲအုပ်လည်း သတင်းအစအန ပျောက်နေတယ် ” ဟု တောင်ငူထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ တပ်ကြပ်ကြီးကျော်ထွေး သေဆုံးရခြင်းမှာ စစ်ကောင်စီ၏ လက်အောက်ငယ်သားများအပေါ် စာနာမှုမရှိခြင်းအား ပြသနေခြင်းဖြစ်သည်ဟု ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသိုင်းအဝိုင်း ကဆိုသည်။

“ အဓိကတော့ ရဲတွေ သူတို့ဘဝသူတို့ သိဖို့ကောင်းပါပြီ။ သူတို့ဘဝ မလုံခြုံဘူးဆိုတာ သိဖို့ ကောင်းပြီ။ စစ်ကောင်စီက လက်အောက်ငယ်သားတွေအပေါ်မှာ ဘယ်သူ့အပေါ်မှာမှ မညှာတာတတ်ဖူးဆိုတာကို သိသင့်ပါပြီ” ဟု ပဲခူးတိုင်းမှ ခရိုင်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်သော အကျဉ်းသား ကိုးဦးအနက် ကိုသီဟအောင်၏ မိခင်ဖြစ်သူကိုလည်း အဆိုပါ မေလ ၁၈ ရက်နေ့၌ပင် တောင်ငူမြို့ရှိ ၎င်း၏နေအိမ်တွင် အုပ်ချုပ်ရေးမှုးတစ်ဦးမှ ဦးဆောင်၍ လာရောက်ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းသိရသည်။

ထို့အပြင် တောင်ငူထောင်အတွင်းကျန်ရှိနေသော ရေတာရှည်မြို့က လက်နက်မှုဖြင့်အဖမ်းခံထားရသူ ကိုအေးမောင် (ခေါ်) ကိုချစ်ထွေးမှာလည်း  ပြင်းပြင်းထန်ထန်နှိပ်စက်ခံနေရကြောင်းလည်း သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ရေတာရှည်မြို့နယ်အတွင်းတွင် ကိုအေးမောင် အပါအဝင် ခုနစ်ဦးကို စစ်ကောင်စီတပ်မှ လက်နက်များနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခုနစ်ဦးအနက် လေးဦးသည် တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်သွားသူများတွင် ပါဝင်နေသည်။

တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုးဦးမှာ ကိုသန့်ဇင်၊ ကိုအောင်ကျော်ဦး၊ ကိုဗေဒါ (ခ) ဘုန်းညွန့်ဇော်၊ ကိုဇင်ကိုကိုအောင်၊ ကိုသီဟအောင်၊ ကိုငြိမ်းချမ်းအောင်၊ ကိုတိုးနိုင်ထွန်း၊ ကိုစည်သူသန်းအေးနှင့် မခင်မျိုးကြည် တို့ဖြစ်သည်။

၎င်းတို့သည် အကြမ်းဖက်မှုဥပဒေပုဒ်မများဖြစ်သော ၄၉ (က)၊ ၅၀ (က)၊ ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့်တရားစွဲဆိုခံထားရသူများဖြစ်ပြီး ၎င်းတို့အနက် သုံးဦးသည် သေဒဏ်ချမှတ်ခံထားရခြင်း ဖြစ်သည်။

မဇ္ဈိမမှရရှိထားသော အချက်အလက်များအရ တောင်ငူထောင်မှထွက်ပြေးလွတ်မြောက်လာသူ ကိုးဦးသည် လက်ရှိတွင် ဘေးကင်းလုံခြုံရာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly