နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ မေ  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ မေ  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    ၂၀၂၃ ခုနှစ် ဧပြီလအတွင်းတိုက်ပွဲပေါင်း (၄၁၅) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၅၂၇) ဦး သေဆုံးကာ (၈၀၁) ဦး ထိခိုက်ဒဏ်ရာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အမှတ် ၁ စစ်ဒေသ၏ လစဉ်တိုက်ပွဲနှင့် ထိခိုက်သေဆုံး အချက်အလက်အနှစ်ချုပ်တွင် ဖော်ပြထားသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သည် သြစတြေးလျ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၂၂ရက်မှာ Perth မြို့ရှိ သြစတြေးလျ အနောက်ပိုင်းပြည်နယ် လွှတ်တော်အဆောက်ဦတွင် ပြည်နယ်လွှတ်တော်အမတ်များနှင့်တွေ့ဆုံပြီး မြန်မာ့ အရေးဆွေးနွေးခဲ့သည်။
 

တော်လှန်ရေး လှုပ်ရှားမှုများ
•    နယ်သာလန်နိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများက အကြမ်းဖက်စစ်အုပ်စု ကို အမြန်ဆုံး အရေးယူ ပေးရန် နယ်သာလန်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ICJ ရုံးရှေ့တွင် မေလ ၂၆ရက်က ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
•    ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂ (ရုံးချုပ်)မှာ ပြုလုပ်တဲ့ ကမ္ဘာ့ကျန်းမာ‌ရေးညီလာခံ တက်ရောက်ခွင့် အတွက် မြန်မာကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆက်လက်ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း WHO က ထုတ်ပြန်သည်။
•    ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အစစ် အဆေး တင်းကျပ်နေပြီး ဆိုင်ကယ်များနှင် ဖုန်းများလည်း မကြာခဏစစ်ဆေးခံနေရကြောင်း မြို့ခံများက မဇ္ဈိမသို့ ပြောသည်။
•    ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀ ဦးကို စစ်ကြောရေးသို့ ခေါ်ဆောင် သွားပြီးနောက် ၎င်းတို့အထဲမှ ကိုသန့်ဇင်ဝင်းဆိုသူအသတ်ခံလိုက်ရကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
•    NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ ၏ အထူးအယူခံ အမှု ၁၀ မှုကို လာမည့်ဇွန်လ ပထမပတ်အတွင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် ကြားနာသွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
•    မန္တလေး-ဗန်းမော်ကားလမ်းပိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရောက်ရှိနေသော မည်သည့်မော်တော်ယာဉ် အမျိုးအစားမဆို မိမိတို့ရောက်ရှိနေသည့်နေရာတွင် ခေတ္တရပ်နားထားရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက အရေးပေါ်ထုတ်ပြန်သတိပေးထားသည်။
•    မန္တလေးတိုင်း၊တံတားဦးမြို့နယ်တွင် မေလ ၂၆ရက်နေ့ညက ကြံ့ဖွံ့ပါတီရပ်ကျေးဥက္ကဋ္ဌ အပါအ၀င် ပါတီ၀င်ငါးဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ငါးဦးစလုံးသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။
•    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆယ်ပယ်ရွာတွင် ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး တစ်ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာတွင် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သားများ မိုင်းထိ၍ ငါးဦးသေဆုံး ခဲ့ကြောင်း The Brightness Monywa က မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
•    စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း Kalay PDF၏ မြို့ပြပြောက်ကျား စစ်ဆင်ရေးတပ်ဖွဲ့ Operation Mo Mo မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
•    ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ မေလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က မေလ ၂၇ ရက်နေ့တွင် မိုးကာများ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
•    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းရှင်းရန်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း CHAUNG U REVOLUTION ARMY မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာယာကုန်းရွာကို စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
•    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့နှင့် ထီးဆောင်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကား ၂ စီး မိုင်း ဆွဲတိုက်ခိုက်ခံရပြီး ကား ၂ စီးလုံးထိခိုက်ပျက်စီးခဲ့ကြောင်း DK PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
•    ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို ထပ်မံလျှော့ချခြင်းက အသက်သေစေနိုင်သည့် သက်ရောက်မှုတစ်ရပ်ကို ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း နော်ဝေ ဒုက္ခသည်ကောင်စီ (NRC) က သတိပေးလိုက်သည်။
•    မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ပြစ်တဲရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း Successful Force - Pauk မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ဘေးရှောင်စခန်းကို စစ်တပ်က ပစ်ခတ်မှု ကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး သေနတ်ကျည်ထိဒဏ်ရာရ အမျိုးသမီးများ အပါအဝင် အမျိုးသမီးများကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။
•    တနင်္သာရီမြို့နယ်တွင် ဗမာ့လူငယ်ကွန်ရက်၊ တနင်္သာရီ ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့၊ မြိတ်ကျွန်းစု ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီမြို့နယ်ရှိ ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မေလ ၂၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပလမြို့မ ရဲစခန်းမှ လက်နက်ကြီး ဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ခရီးသွား အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ၃ နှစ် အရွယ် ကလေး တစ်ဦးနှင့် အမျိုးသား တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
•    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ကျေးရွာတွင် စစ်တပ် က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ဆယ်ကျော်သက်အရွယ် ကလေး ၂ ဦး သေဆုံးကြောင်း သိရသည်။
•    ဂျပန်နိုင်ငံရောက် ဘောလုံး အားကစား ဝါသနာရှင်များ စုစည်း၍ ယနေ့ မေလ ၂၈ ရက်နေ့တွင် နွေဦး တော်လှန်ရေး ထောက်ပို့ ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ
•    ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) -မင်းတပ်ကို ရန်ပုံငွေ ထည့်ဝင်သူများအနေဖြင့် ဌာန ၊ ဗျူဟာ၊ တပ်ရင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိတ် အလိုက် တဖွဲ့ခြင်း ပံပိုးခြင်း မပြုဘဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ဗဟို ဘဏ္ဍာ ငွေရှာဖွေရေး ကော်မတီ ကို တိုက်ရိုက် ချိတ်ဆက် ထည့်ဝင် လှူဒါန်းရမည်ဟု CDF ကထုတ်ပြန်ချက် အသိပေးထားသည်။
•    ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ် အထိုင်စခန်း နှင့် ရဲစခန်း ၊ ကင်းဂိတ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF Mindat က မေလ ၂၈ရက် ယနေ့တွင် ထုတ်ပြန်သည်။
•    ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ တွေ့ဆုံ ဆွေးနွေးပွဲမှ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ရန် အချက် အပါအဝင် သဘော တူညီ ချက် ၅ ချက်ရရှိခဲ့ကြောင်း ယနေ့ မေလ ၂၈ ရက်နေ့ တွင် ပူးတွဲသဘောထားထုတ်ပြန်သည်။
•    ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်တပ်က တိုက်လေယာဉ်၊ တာဝေးပစ် လက်နက်ကြီး များ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁ ဦးသေကာ ပြည်သူ ၈ ဦးထိခိုက်ဒဏ်ရာရကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှသိရှိရသည်။
 

စစ်ကောင်စီ
•    ရန်ကုန်၊ ဒဂုံအရှေ့၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာရှိ ဆရာနိုင်မြန်မာ၏ နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီက မေ(၂၇)ရက်၊ နေ့လယ်(၂)နာရီခွဲလောက်က ဝင်ရောက်စီးနင်းခဲ့ပြီး ဇနီးဖြစ်သူ မဝါလေးကို ခေါ်ဆောင် သွားကြောင်း နွေဦးအသံ သတင်းဌာနမှာ ဖော်ပြထားသည်။
•    တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာများမှ ပြည်သူ ဦးရေ ၂၀ ကျော်ကို စစ်ကောင်စီ က PDF အဖွဲ့ကို ကူညီထောက်ပံ့နေသည်ဟု စွပ်စွဲ ဖမ်းဆီး စစ်ဆေးကာ အချို့ကို ပြန်လွတ်ပေးခဲ့သော်လည်း အသက် မပြည့်သေးသူ တစ်ဦး အပါအဝင် ရှစ်ဦးကို စစ်ကြောရေး တွင် သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း စစ်ကြောရေးစခန်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
•    စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ်လမ်းခွဲအနီး အောင်ဇေယျတပ်ကုန်း (အရပ်ခေါ် အကျိုး အကန်းကုန်း)တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကိုထွေး မေလ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်က နေအိမ် အတွင်း လက်ပစ်ဗုံးဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
•    ရုရှားနိုင်ငံ မော်စကိုမြို့၌ မေ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ် သည့် (၁၁) ကြိမ်မြောက် လုံခြုံရေး ကိစ္စရပ် များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ အကြမ်းဖက် စစ်ကောင်စီဝင် ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
•    မိုခါမုန်တိုင်းကြောင့် ပြတ်တောက်သွားခဲ့သော မိုဘိုင်းစခန်း တစ်ထောင်ကျော် ပြုပြင်ပြီးစီးပြီး ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
•    ရင်းနှီးမတည်ငွေများကို သက်ဆိုင်ရာလုပ်ငန်းများတွင် အသုံးချမှုမရှိဘဲ အခြား လုပ်ငန်းများတွင် အသုံးပြုမှု များကြောင့် နိုင်ငံအတွက်နစ်နာဆုံးရှုံးနိုင်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောသည်။
 

မေ ၂၈ ရက် သုံးသပ်ချက်
•    အကြမ်းဖက်စစ်ကောင်စီမှ စစ်ကိုင်း၊မွန်၊တနင်္သာရီ၊ကရင်နီ၊ကရင်ပြည်နယ်တို့တွင် လက်နက်ကြီး များဖြင့် ရမ်းသန်းပစ်ခတ်နေမှုကြောင့် အရပ်သားပြည်သူများ၊ ကလေးများ၊အမျိုးသမီးများ ထိမှန် သေဆုံးဒဏ်ရာရရှိမှုများရှိနေသည်။
•    အကြမ်းဖက်စစ်ကောင်စီမှ စစ်တပ်ကို မထောက်ခံသည့် ပြည်သူများ နိုင်ငံရေးတက်ကြွ လှုပ်ရှား သူများ၊တော်လှန်ရေးထောက်ပို့သူများ၊တော်လှန်သည့်လူငယ်များကို အညှိုးထားကာစစ်ကြော ရေးတွင်သတ်ဖြတ်ခြင်း၊ထောင်ကျပြီးတောင်မှ ထောင်ပြင်ခေါ်ထုတ်ပြီး ရိုက်နှက်သတ်ဖြတ်မှုများ ကျူးလွန်ပြီး လူ့အခွင့်အရေးချိုးဖောက်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly