မေလအတွင်း လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး မြန်မာကမ်းရိုးတန်းဝင်ရောက်နိုင် 

By KMN (မဇ္ဈိမ)
04 May 2023
မေလအတွင်း လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး မြန်မာကမ်းရိုးတန်းဝင်ရောက်နိုင် 

လာမည့်မေလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်‌ပေါ်လာနိုင်ပြီး ယင်းမှတစ်ဆင့် ပိုမိုအားကောင်းကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မြန်မာကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ လေ့လာသူများက ဆိုသည်။

ဘင်္ဂလားပင်လယ်တောင်ပိုင်း၌ မေလ ၈ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ဆက်လက်ရွေ့လျားရင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ၎င်း၏လူမူကွန်ရက်စာမျက်နှာတွင် မေလ ၃ ရက် ညနေပိုင်းက ထုတ်ပြန်ရေးသားထားသည်။

"မေလ ၁၃ ရက်၊ မနက် ၃ နာရီမှာ ကျောက်ဖြူမြို့အနီးမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်ရွေ့လျားရင်း မေလ ၁၃ ရက် နေ့လယ်ပိုင်းမှာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် အနောက်ပိုင်း နယ်စပ်လောက်မှာ အားပျော့ပျက်ပြယ်သွားနိုင်မယ်လို တွေ့ရပါတယ်"ဟုဦးဝင်းနိုင်က ဆိုသည်။

သို့သော် မုန်တိုင်းလမ်းကြောင်းမှာ ကြိုတင်ခန့်မှန်းချက်ဖြစ်ပြီး  GFS နဲ့ ECMWF Forecast Model များ၏ ခန့်မှန်းချက်များတွင် ပြောင်းလဲနိုင်ကြောင်း ၎င်းကရေးသားသည်။

လူမူကွန်ရက်စာမျက်နှာတွင် လူသိများသည့် မိုးလေဝသနှင့် ရာသီဥတုအရေး ထုတ်ပြန်သူ ဒေါ်စုစုစံက ဘင်္ဂလားပင်လယ်အော် အဒမန်ကျွန်း၊ ကျွန်းစုများအနီးတွင်  မေလ ၉ ရက်နေ့ ၊၁၀ရက်နေ့ ၊၁၁ရက်နေ့များတွင် SCS အဆင့်ရှိ မိုချာဆိုင်ကလုန်း (MOCHA CYCLONE) မုန်တိုင်းကြီးတစ်လုံးဖြစ်လာနိုင်ကြောင်း ယနေ့ မေလ ၄ ရက် နံနက်ပိုင်းတွင် ရေးသားထားသည်။

အဆိုပါ မိုချာဆိုင်ကလုန်းကြောင့် မေလ ၁၀ရက်နေ့မှ ၁၂ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်တောင်ပိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း ၊မန္တလေးတိုင်း၊နေပြည်တော်၊ ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ဒေသများအပေါ်သို့အထက်လေစီးကြောင်းများမှ မိုးတိမ်များ ရောက်ရှိကာ မုန်တိုင်းမိုးများ ရွာသွန်းနိုင်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် မေလ ၁၃ရက်နေ့တွင် ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသများတွင် မုန်တိုင်းမိုးရွာနိုင်ပြီး မိုချာမုန်တိုင်း မည်သည့်နေရာမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်ကြောင်းကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုများမှ စောင့်ကြည့်ထောက်လှမ်း၍ ခန့်မှန်းပေးမည်ဟု ဒေါ်စုစုစံက ရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း ၂၀၂၃ခုနှစ်၊ မေလ ၇ရက်ဝန်းကျင်၌ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီးမေလ ၉ ရက်နေ့တွင် မုန်တိုင်းငယ်အဆင့် ရောက်နိုင်ကာ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းငယ်သည် မေလ ၁၀ရက်နေ့တွင် ပိုမိုအားကောင်းလာနိုင်ပြီး ကိုကိုးကျွန်း အနောက်တောင်ဘက်တွင် မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ကာ မေလ ၁၁ရက်နေ့တွင် အရှေ့မြောက်ဘက်သို့ ဦးတည်လာနိုင်ပြီး မေလ ၁၂ရက်ဝန်းကျင်တွင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား စစ်တကောင်းမြို့အနီးမှ ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မေလ ၃ ရက်နေ့ညက ထုတ်ပြန်ထားသည်။

မေလမှဇွန်လကုန်အထိသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့် မိုးဦးကာလဖြစ်ပြီး ယင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း လေးကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသလေ့လာသူများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၈ခုနှစ်၊မေလ၂ရက်နေ့တွင် မြန်မာနိုင်ငံကမ်းရိုးတန်းကို ကြီးမားသည့်နာဂစ်
ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၌ နေထိုင်သူများအနက်  ၁၂၅,၀၀၀ ဦးကျော် အသက်ဆုံးရှုံးခဲ့သည်။

စာတည်း။     ။  ဖူးသိမ်ကျ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required