ချင်းနှင့် စစ်ကိုင်းတို့တွင် မြေပြိုခြင်းအန္တရာယ် သတိထားရန် မိုးဇလ အသိပေး

By ဂျူချန်း (မဇ္ဈိမ)
10 June 2023
ချင်းနှင့် စစ်ကိုင်းတို့တွင် မြေပြိုခြင်းအန္တရာယ် သတိထားရန် မိုးဇလ အသိပေး
ဓါတ်ပုံ-AFP (ပေါင်မြို့၊ မလတ်တောင် မြေပြိုမှု ဖြစ်ပွားခဲ့စဉ်)

ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် မြေပြိုခြင်းအန္တရာယ် သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ဇွန်လ ၁၀ ရက်တွင် သတိပေးထားသည်။

“မိုးက သုံးလေးရက် ဆက်တိုက်များရင်တော့ မြေပြိုတတ်တယ်။ မြေပြိုနိုင်တဲ့ နေရာတွေကတော့ ချင်းလည်း မိုးများနိုင်တယ်ဆိုတော့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာလည်း မိုးများနိုင်တယ်။ ဆိုတော့ အဲ့ဒီဘက်မှာလည်း မြေပြိုနိုင်တယ်” ဟု မိုးဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုမှုများလည်း ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို သတိထားကြရန် သတိပေးထားခြင်းဖြစ်သည်။

ထို့အပြင် တောင်ကုန်းတောင်တန်းနှင့် ကုန်းမြင့်ဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင်လည်း သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းပါက မြေပြိုခြင်းဖြစ်နိုင်သဖြင့် ထိုနေရာအတွင်း နေထိုင်သူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို သတိထားသင့်ကြောင်း ဆိုသည်။

“အဓိကကတော့ တောင်ကုန်းတောင်တန်း များတဲ့နေရာတွေမှာ မိုးများရင်တော့ အနည်းနဲ့ အများတော့ မြေပြိုတာတွေ ဖြစ်တတ်တာပေါ့” ဟု မိုးဇလညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဇွန်လ ၁၀ ရက်နေ့နှင့်၁၁ ရက်နေ့တို့တွင်  စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွင် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

ဇွန်လ ဒုတိယလပတ်အတွင်း မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်ပြီး ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစိီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က တစ်ပတ်အတွင်း မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် ယခုရက်ပိုင်းတွင် မိုးကောင်းနေပြီး နေ့စဉ် မိုးရွာသွန်းမှုများရှိကြောင်း ဒေသခံများက ပြောသည်။

“မိုးက ပြီးခဲ့တဲ့ သုံးလေးရက်ကစပြီး နေ့တိုင်းရွာတယ်။ ညလည်းရွာတယ်။ နေ့ဘက်လည်းရွာတယ်။ အများကြီးတော့ မကြီးသေးဘူး။ ရွာလိုက်နားလိုက်ပဲ။ အရင်ရက်တွေထက်စာရင်တော့ ပိုရွာလာတယ်ပြောရမယ်” ဟု ပေါင်မြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။ 

မော်လမြိုင်မြို့နှင့် မုဒုံမြို့ တွင်လည်း ယခုရက်ပိုင်းအတွင်း နေ့စဉ်မိုးရွာသွန်းခြင်းများ ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် မိုးများသဖြင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးရှိ မလတ်တောင် မြေပြိုကျမှုကြောင့် လူ ၅၃ ဦး သေဆုံးခဲ့ပြီး ၄၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ဇူလိုင် ၂ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဝှေခါမှော် မြေပြိုခြင်းဖြစ်စဉ်အတွင်း လူပေါင်း ၁၇၄ ဦး သေဆုံးခဲ့ပြီး ဖားကန့် မြေပြိုမှုသမိုင်းတွင် လူသေဆုံးမှုအများဆုံး ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required