ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်၀န်း ၄၈ နာရီအတွင်း အားပျော့ပျက် ပြယ်မည်

By ရောင်နီ (မဇ္စျိမ)
26 June 2023
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်၀န်း ၄၈ နာရီအတွင်း အားပျော့ပျက် ပြယ်မည်
ပုံစာ - ရန်ကုန်တွင် မိုးရွာသွန်းပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် မြင်ကွင်း။ (ပုံအဟောင်း)

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်၀န်းသည် နောက် ၄၈ နာရီ အတွင်း အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်နေသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည် နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ လေဖိ အားနည်းရပ်ဝန်း (Low Pressure Area) တခုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုလေဖိအားနည်းရပ်၀န်းသည် နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်နှင့် ချက်တစ် ဂတ်ပြည်နယ်မြောက်ပိုင်းတို့ကိုဖြတ်ကျော်ကာ မဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းသို့ ရွေ့လျားပြီး နောက် တဖြည်းဖြည်း အားလျော့သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ မိုးဇလ၏  ယနေ့ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီထုတ်ပြန်ချက်အရသိရသည်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်  ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက်တွင် နောက် ၂၄ နာရီ အတွင်း နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုဇလမှ ထုတ်ပြန်ထား သည်။

NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)ကလည်း အိန္ဒိယနိုင်ငံ၊ ဂင်္ဂါလွင်ပြင်တွင် မုတ်သုံမုန်တိုင်းငယ်တခုဖြစ်ပေါ်လာနိုင်ပြီး လာမည့် ရက်သတ္တပတ်အတွင်း မြန်မာ့ကမ်းရိုးတန်းဒေသများတွင် မိုးပိုမိုရွာသွန်းမည်ဖြစ်ကြောင်း ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် သတိပေးထားသည်။

ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ တပတ်တာကာလအတွင်း ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီးလာနိုင်ပြီး မြို့ပြနှင့် မြစ်ချောင်းများ ရေကြီး၊ ရေလျှံနိုင်ခြေရှိသည့် အတွက် သတိပြုနေထိုင်ကြရန်လည်း (MOHADM) မှ ပြည်သူများအား အသိပေးထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required