ဇူလိုင်လနောက်ဆုံးပတ်တွင် မွန်ပြည်နယ်အပါအဝင် နေရာအချို့၌ မိုးကြီးနိုင်၍ ရေဘေးအန္တရာယ် သတိပြုကြရန် NUG-MOHADM ထုတ်ပြန်

By ရွှေနွယ်( မဇ္ဈိမ )
24 July 2023
ဇူလိုင်လနောက်ဆုံးပတ်တွင် မွန်ပြည်နယ်အပါအဝင် နေရာအချို့၌ မိုးကြီးနိုင်၍ ရေဘေးအန္တရာယ် သတိပြုကြရန် NUG-MOHADM ထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဇူလိုင်လနောက်ဆုံးပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မုတ်သုံလေအားကောင်းလာနိုင်သောကြောင့် မွန်ပြည်နယ်အပါအဝင် မြန်မာ့ကမ်းရိုး တန်းဒေသများနှင့် ကုန်းတွင်းဒေသများ၌ မိုးပိုမိုရွာသွန်းကာ နေရာကွက်၍မိုးကြီးနိုင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန(MOHADM) က ထုတ်ပြန်သည်။

ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင် ၃၀ ရက်နေ့အထိ သီတင်းပတ်အတွက် မိုးလေဝသအခြေအနေကို NUG-MOHADM က ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်အသိပေးထားခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ရေဘေးအန္တရာယ်သတိပေးချက်ကိုပါ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပိုမို အားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိလာကာ အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားနိုင် သည်ဟု NUG-MOHADM မှခန့်မှန်းထားသော်လည်း အဆိုပါ မုတ်သုံမုန်တိုင်းငယ်၏အရှိန်ကြောင့်  မွန် ပြည်နယ်၊ တနင်္သာရီတိုင်းတို့အပြင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်လာနိုင်သည်ဟု သတိပေးထားသည်။

အဆိုပါ မိုးသည်းထန်မှု၏နောက်ဆက်တွဲအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်အရှေ့ပိုင်း၊ မွန် ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့ရွာများတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးအန္တရာယ်များကို အထူးသတိထားပြင်ဆင်နေထိုင်ကြရန် သတိပေးထားသည်။

ပြီးခဲ့သည့် သတင်းပတ်အတွင်းကလည်း ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ မွန်ပြည်နယ် အတွင်းရှိ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် မြို့များတွင် မိုးသည်း ထန်မှုကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် လေဦးရေနစ်သေဆုံးခဲ့ကာ လမ်းတံတားပြိုခြင်း၊ အုတ်တံတိုင်းပြိုခြင်းနှင့် မြေသားနံရံပြိုခြင်းများဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

“ကျွန်တော်တို့က ရေနားမှာပဲနေတဲ့သူတွေဖြစ်တော့ ကျွန်တော်တို့မြို့မှာ ရေကြီးတာက ထူးဆန်းတဲ့ကိစ္စ တော့ မဟုတ်ဘူး။ ရက်ပိုင်းလောက်ရေကြီးတာကတော့ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြီးတော့ ကလေးတွေရေနစ်သေဆုံးခဲ့ရတာဟာ ပေါ့ဆတာကြောင့် အများကြီးပါတယ်။ ဆိုတော့ ရေ ကြီးလာချိန်မှာ ဖြစ်လေ့ရှိတာပဲဆိုပြီး မပေါ့ဆဖို့တော့လိုပါတယ်” ဟု မော်လမြိုင်မြို့ခံတဦးကပြောသည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း  မွန်ပြည်နယ်၊ ကရင် ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် လာမည့်နှစ်ရက်အတွင်း မိုးကြီးနိုင်ကြောင်း ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly