၃ရက်ဆက်မိုးကြောင့်မော်လမြိုင်မြို့ပေါ်တွင် ရေကြီးရေလျှံနေ (ရုပ်သံ)

By ဂျူချန်း (မဇ္ဈိမ)
19 July 2023
၃ရက်ဆက်မိုးကြောင့်မော်လမြိုင်မြို့ပေါ်တွင် ရေကြီးရေလျှံနေ (ရုပ်သံ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ မိုးကြီးပြီး တောင်ကျရေတွေ ဆင်းလာတာကြောင့်  ရေကြီးရေလျှံမှုဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

မော်လမြိုင်မြို့မှာ ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းကတည်းက မိုးရွာသွန်းနေတာဖြစ်ပြီး  တောင်ကျချောင်းရေတွေကြောင့်  မော်လမြိုင်မြို့ပေါ်ရပ်ကွက်တွေဖြစ်ကြတဲ့ ဖက်ခင်းရပ်ကွက်၊  ဇေယျာမြိုင်ရပ်ကွက်၊ ရွှေပြည်အေး၊ ဇေယျာ(၁)၊ (၂)၊ ဒိုက်ဝန်းကွင်း၊ ဈေးကြို၊ မြိုင်သာယာ၊ တောင်ဝိုင်း၊ ဒေါင်းမင်းရပ်၊ သီရီမြိုင်နဲ့ မုပွန်ရပ်ကွက်တွေမှာ ရေကြီးနေပါတယ်။

အဆက်မပြတ် မိုးရွာသွန်းနေတာကြောင့် မနေ့က ဇူလိုင်လ ၁၈ ရက်နေ့ညနေပိုင်းမှာ ရေစတက်လာတာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာတော့ တချို့နေရာမှာ ရင်ညွန့်အထိ ရေရောက်ရှိလာပြီဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

မော်လမြိုင်မြို့ထဲက ရေနစ်မြုပ်နေတဲ့ ရပ်ကွက်တွေမှာ လူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ဆောင်နေကြဆဲဖြစ်ပြီး ဒီနေ့မနက် ၁၀ နာရီခွဲအထိ အိမ်ထောင်စု ၆၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီလူတွေကို မော်လမြိုင်မြို့မှာရှိတဲ့ ကုန်းမြင့်ပိုင်းက ဓမ္မာရုံတွေနဲ့ ဘုန်းကြီးကျောင်းတွေကို ပို့ဆောင်ထားကြတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ယောက်က ပြောပါတယ်။

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ဇူလိုင်လ ၂၁ရက်နေ့အထိ  မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးရေလျှံတာအပြင် နောက်ဆက်တွဲ မြေပြိုမှုဘေး အန္တရာယ်ကိုပါ သတိထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနက သတိပေးထားပါတယ်။

တင်ဆက်/တည်းဖြတ်-ဂျူချန်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly