မုတ်သုံလေအားကောင်းလာခြင်းကြောင့် ဇွန်လ ၁၈ ရက်နေ့အထိ တိုင်းနှင့်ပြည်နယ်အများစုတွင် မိုးရွာ သွန်းနိုင်

By ရောင်နီ (မဇ္စျိမ)
15 June 2023
မုတ်သုံလေအားကောင်းလာခြင်းကြောင့် ဇွန်လ ၁၈ ရက်နေ့အထိ တိုင်းနှင့်ပြည်နယ်အများစုတွင် မိုးရွာ သွန်းနိုင်
ပုံစာ-ရန်ကုန့်မြို့တွင်းမိုးရွာသွန်းနေမှုမြင်ကွင်း (ပုံ-အဟောင်း)

မုတ်သုံလေအားကောင်းလာခြင်းကြောင့် တိုင်းနှင့်ပြည်နယ်အများစုတွင် ဇွန်လ ၁၈ ရက်နေ့ အထိ မိုးရွာသွန်းနိုင်ကြောင်း NUG လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်ထားသည်။ 

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း အနောက်တောင်မုတ်သုံလေ၀င်ရောက်မှုသည် ပုံမှန်၀င်ရောက်သည့် ရက်ထက် အနည်းငယ်နောက်ကျပြီးမှ ၀င်ရောက်ခဲ့ကြောင်း (MOHADM) က ဆိုသည်။ 

ထို့ပြင် ဇွန်လ ၁၂ ရက်နေ့မှ၁၇ ရက်နေ့အထိရက်များအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းလာခြင်းကြောင်း ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများ တွင် မိုးကြီးနိုင်ပြီး မြို့ပြနှင့် မြစ်ချောင်းများ ရေကြီးရေလျှံနိုင်ချေရှိကြောင်း အသိပေးထားသည်။ 

“မိုးကတော့ သိပ်အများကြီး မရွာဘူး။ မိုးတွေအုံ့ပြီး ရွာနိုင်တဲ့အနေအထားတော့ တွေ့နေရတယ်။ အရင် တုန်းကလိုတော့ သိပ်အများကြီးမဟုတ်ဘူး။ လေပြင်းတွေဘာတွေ တိုက်ခတ်တာလည်း မရှိသေးပါဘူး” ဟု ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီ၏ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏  ဇွန်လ ၁၅ ရက်နေ့  နံနက်၇ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေ ခြင်းကြောင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။

စာတည်း။    ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required