မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်ရေများ ဝင်ရောက်

By KMN (မဇ္ဈိမ)
03 September 2023
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်ရေများ ဝင်ရောက်
ပုံအညွန်း - အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်မှ ရေများအား စက်တင်ဘာ ၃ ရက်နေ့တွင် စုပ်ထုတ်နေစဉ်။ (Photo - MFSD)

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်သို့ ရေများဝင်ရောက်ခဲ့ကြောင်း ပုဂံဒေသခံများထံက သိရသည်။

"မနက် ၃ နာရီလောက်ထဲကနေ မနက် ၁၁ လောက်အထိ သည်းကြီးမည်းကြီးရွာတာပါ။ မိုးက ရွာခဲတယ်လေ ခုလိုရွာတော့ အမှိုက်တွေက ရေဆိုးမြောင်းတွေမှာ ပိတ်ပြီးရေမထွက်နိုင်တာပါ။

ရွှေစည်းခုံနဲ့ အာနန္ဒာစေတီတွေ မနက်က ရေဝင်ခဲ့ပါတယ်။ဒီညနေတော့ ရေပြန်ကျသွားပါပြီ။ ရေစုပ်စက်တွေနဲ့စုပ်ထုတ်လိုက်လို့ပါ" ဟု ပုဂံဒေသခံတဦးက မဇ္ဈိမကိုပြောကြားသည်။

ပုံအညွန်း - အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်မှ ရေများအား စက်တင်ဘာ ၃ ရက်နေ့တွင် စုပ်ထုတ်နေစဉ်။ (Photo - MFSD)

အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ် ရေများဝင်ရောက်၍ ရေစုပ်စက်များဖြင့် ရေစုပ်ထုတ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်သည်။

ရှေးဟောင်သုတေသန ကျွမ်းကျင်သူ ဦးဇေမျိုးလင်းက လည်း  "ဒီနေ့ မနက် ၄ နာရီလောက်ကတည်းက မိုးရွာတာ မနက် ၈ နာရီမှာ ရေကြီး ရေလျှံဖြစ်ပြီ။ rain water flood လို့ခေါ်တယ်။ မြစ်ရေကြီးလို့ ပုဂံမြို့ထဲ ရေတိုးတာမျိုးမဟုတ်ဘူး။ မိုးရေကြောင့်၊ မိုးရွာလို့ဖြစ်တာ။ ပုဂံမှာ ရေကြီးရေလျှံဖြစ်ဖို့ဆို လေးနာရီပဲကြာတယ်ဆိုတဲ့သဘော။ ရေမစီးလို့ ရေကြီးတာ။ စီးသင့်တဲ့နေရာမှာ စီးနေဖို့လိုတယ်"ဟု ယနေ့နံနက် ပုဂံရေကြီးမှုနှင့်ပတ်သက်ပြီး သူ၏လူမူကွန်ရက်တွင် ရေးသားခဲ့သည်။

ညောင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာနန္ဒာဘုရားနှင့် ရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ် ရေဝင်ရောက်ခဲ့ပြီး ညောင်ဦးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဝက်ကြီးအင်းရပ်၊ ကျန်စစ်သားဥမင် စာသင်တိုက်အနီးတွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း ဒေသခံများကပြောကြားသည်။

ပုဂံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေတွင် ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးပတ်မှ စတင်ကာ  ရှေးဟောင်းသုတေသန(ပုဂံဌာနခွဲ)က ရေမဝပ်စေရန်ဟုသော အကြောင်းပြချက်ဖြင့် မြေတူးစက်များအသုံးပြုကာ ရေမြောင်းများတူးဖော်ခဲ့သည်။

သို့သော်လည်း ယနေ့ကဲ့သို့ မိုးသည်းထန်စွာရွာသွန်းချိန်တွင် စေတီများအတွင်း ရေများ ဆက်လက် ဝင်ရောက်နေကြောင်း ဒေသခံများကဆိုသည်။

ပုံအညွန်း - အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်မှ ရေများအား စက်တင်ဘာ ၃ ရက်နေ့တွင် စုပ်ထုတ်နေစဉ်။ (Photo - MFSD)

စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ စက်တင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး ညောင်ဦးမြို့တွင်မိုးရေချိန် (၂.၈၈)လက်မ ရွာသွန်းခဲ့သည်။

ဖိလစ်ပိုင်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဟိုက်ကွေး”(Haikui) ၏အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မနက်ဖြန်နံနက်အထိ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required