မိုးနှောင်းမိုးကြောင့် ရေထပ်ကြီးနိင်ကြောင်း NUG သတိပေး

By ရောင်နီ (မဇ္စျိမ)
11 September 2023
မိုးနှောင်းမိုးကြောင့် ရေထပ်ကြီးနိင်ကြောင်း NUG သတိပေး
ပုံအညွှန်း - ပြီးခဲ့သည့် သြဂုတ်လက ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဥ်။ (ပုံ - အဟောင်း)

မိုးနှောင်းကာလဖြစ်သည့် လက်ရှိ စက်တင်ဘာလတွင် မုတ်သုံလေဆုတ်ခွာခြင်းဖြစ်စဥ်ကြောင့်  မိုးများကာ ရေကြီးကာလထပ်မံကြုံတွေ့နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။ 

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှ စက်တင်ဘာလ  ၁၇ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို ထုတ်ပြန်ရာတွင်  မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် အလယ်ပိုင်း၊ အောက်ပိုင်းဒေသများတွင်  မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။ 

အဆိုပါကာလအတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသ်ာရီတိုင်းတို့တွင် မိုးများနိုင်ပြီး နောက်ဆက်တွဲ ရေကြီး၊မြေပြိုမှုများကို သတိပြုပြင်ဆင်နေထိုင်ရန်  သတိပေးထားသည်။  မိုးနှောင်းကာလလက္ခဏာဖြစ်သည့်  မိုးကြိုးအန္တရာယ်ကိုလည်း MOHADMက သတိပေးသည်။

စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကလည်း စက်တင်ဘာလ ဒုတိယ ၁၀ရက်ပတ်ကာလ(စက်တင်ဘာလ ၁၁ရက်မှ စက်တင်ဘာလ ၂၀ရက်) အတွင်း မြန်မာနိုင်ငံနေရာအနှံ့တွင် မိုးရွာသွန်းနိုင်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် ရက်အနည်းငယ်က ဒေသအများစု မိုးကောင်းပြီးနောက် မြစ်ရေများပြန်လည်မြင့်တက်လာသည်။ လက်ရှိအချိန်တွင် ငဝန်မြစ်ရေသည် ငါးသ်ိုင်းချောင်းနှင့် သာပေါင်းမြို့တို့တွင် စိုးရိမ်ရေမှတ်အထက်၌ ရောက်ရှိနေကြောင်း မိုးဇလက ယနေ့ နံနက် ၆နာရီခွဲအချိန်တွင် ထုတ်ပြန်ထားသည်။ 

ဇူလိုင်လနှင့် သြဂုတ်လက  မြန်မာနိုင်ငံဒေသအများစု မိုးသည်းထန်စွာခဲ့ပြီး  မြစ်ချောင်းများတွင် မြစ်ရေများ စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်ခဲ့သည်။ နောက်ဆက်တွဲအဖြစ်  မြို့နယ်အများအပြားတွင် ရေလွှမ်းမိုးခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  ရေကြီးရေလျှံမှုဘေး ကြုံတွေ့ခဲ့သည်။ 

စက််တင်ဘာလ ၇ ရက်နေ့ကလည်း  စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်  မိုးသည်းထန်စွာရွာသွန်းကာ မြစ်သာမြစ်ရေ မြင့်တက်ခဲ့သည့်အတွက် မြို့တွင်း ရပ်ကွက် ခုနှစ်ခုတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကာ ဒေသခံ ၁,၀၀၀ ကျော် ရေကြီးမှုဘေးကို ရင်ဆိုင်ခဲ့ကြရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required