အောက်တိုဘာလဆန်းပိုင်း၌ ဒေသအများစု မိုးဆက်ကောင်းနိုင်

By ရောင်နီ (မဇ္စျိမ)
03 October 2023
အောက်တိုဘာလဆန်းပိုင်း၌ ဒေသအများစု မိုးဆက်ကောင်းနိုင်
ပုံအညွှန်း - စက်တင်ဘာလ ၂၉ ရက်နေ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် လေပြင်းတိုက်ခိုက်ခြင်းကြောင့်လဲပြိုခဲ့သည့် သစ်ပင်ကို ရှင်းလင်းရေးလုပ်ဆောင်နေစဥ်။ (ပုံ - Myanmar Fire Service Department)

အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမှုနောက်ကျခြင်းကြောင့် အောက်တိုဘာလ ပထမလပတ်အတွင်း မြန်မာနိုင်ငံဒေသအများစု မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။ 

အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက်ကို MOHADMထုတ်ပြန်ရာ၌  မြန်မာနိုင်ငံဒေသအများစု မိုးရွာနိုင်ပြီး   စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင်   မိုးရွာသွန်းမှုများပြားနိုင်ကြောင်း သတိပေးထားသည်။အဆိုပါ ဒေသများ၌ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေး သတိပြုရန် MOHADM က သတိပေးသည်။ 

ထို့အပြင် အောက်တိုဘာလ ပထမလပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ ဖြစ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းသည် အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမှုကို တုံဆိုင်းနွေးကွေးစေနိုင်ပြီး မြန်မာနိုင်ငံမှ ဆုတ်ခွာချိန်မှာ ပုံမှန်ထက် ၆ ရက် မှ  ၇ ရက်ခန့် နောက်ကျနိုင်သည်ဟု ရှင်းပြထားသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများတွင် အောက်တိုဘာလ ၃ ရက်နေ့မှ ၈ ရက်အတွင်းနှင့် မြန်မာနိုင်ငံ တဝှမ်းလုံးတွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်းတွင် ဆုတ်ခွာသွားဖွယ်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက  အောက်တိုဘာလလပတ် မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားသည်။ 

အောက်တ်ိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံး ကြိမ်ဖြစ်ပေါ်နိုင်ပြီး တကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လက မြန်မာနိုင်ငံဒေသအများစု မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ  မြို့နယ်အချို့၌ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသည်။ 

စက်တင်ဘာလ နှောင်းပိုင်းကလည်း  မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှ မြို့နယ်အချို့၌  တောင်ကျချောင်းရေများ ဝင်ရောက်ခြင်း၊ လေပြင်းကြောင့်သစ်ပင်များလဲပြိုခြင်းတို့ဖြစ်ခဲ့ပြီး  ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly