လှည်းကူးတွင်  ရေဘေးသင့်ပြည်သူ ၄,၀၀၀ ကျော်ရှိ ၊ သောက်သုံးရေနှင့် ရိက္ခာအကူအညီများ လိုအပ်နေ 

By ရောင်နီ (မဇ္စျိမ)
10 October 2023
လှည်းကူးတွင်  ရေဘေးသင့်ပြည်သူ ၄,၀၀၀ ကျော်ရှိ ၊ သောက်သုံးရေနှင့် ရိက္ခာအကူအညီများ လိုအပ်နေ 
ပုံအညွှန်း - လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်မှု လုပ်ဆောင်နေစဥ်။ (ပုံ - Myanmar Fire Service Department၊ လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ရေဘေးသင့်ပြည်သူဦးရေ ၄,၀၀၀ ကျော်ရှိလာပြီး သောက်သုံးရေနှင့် ရိက္ခာအကူအညီများ လိုအပ်လျက်ရှိကြောင်း လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

လှည်းကူးမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ငမိုးရိပ်ချောင်းရေမြင့်တက်လာမှုနှင့်အတူ အောက်တိုဘာလ  ၇ ရက်နေ့မှ စတင်ကာ ရေကြီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် လှည်းကူးတမြို့လုံးနီးပါး ရေနစ်မြုပ်မှုကို ကြုံတွေ့လာရခြင်း ဖြစ်သည်။ 

“ ရွာဘက်တွေလည်း အကုန်ကြီးတယ် ။ တချို့နေရာတွေဆို သွားလို့မရတော့ဘူး ။ တမြို့နယ်လုံး နီးပါးပါပဲ။ အဓိက မိန်းလမ်းမကြီးဖြစ်တဲ့ ဖောင်ကြီး လမ်းမလည်း ရေမြုပ်သွားပြီ။ အခုဆိုလည်း ပဲခူး၊ ရန်ကုန်လမ်းက ရေမြုပ်နေပြီ။ ထမင်းထုတ်ဝေတာနဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကို ယာယီခိုလှုံရေးနေရာတွေမှာ ဦးစားပေး ရွေ့ပြောင်းပေးနေပါတယ် ” ဟု  လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

လက်ရှိတွင် လှည်းကူးမြို့နယ် တမြို့နယ်လုံးနီးပါး ရေကြီးမှုကို ကြုံတွေ့နေရကာ  တချို့ နေအိမ်များအတွင်း ရေဝင်ရောက်မှုရှိနေကြောင်း သိရသည်။

“ ရေကြီးနေတာက မြို့ပေါ်မှာဆို ခါးလောက်ရှိတယ်။ တချို့နေရာဆို ရင်ဘတ်လောက်ရှိတယ်။ တချို့နေရာဆို လူတရပ်လောက်ရှိတယ် “ ဟု ၄င်းက ဆိုသည်။ 

လှည်းကူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ယမန်နေ့အထိ ကောက်ယူရရှိထားသည့်စာရင်းအရ ရေဘေးသင့်ပြည်သူ ၄,၀၀၀ ကျော်အထိရှိနေပြီး ရေဘေးကယ်ဆယ်ရေးစခန်း ခုနစ်ခု ထက်မနည်း ဖွင့်လှစ်ကာ ကူညီကယ်ဆယ်မှု လုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်း လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံက  သိရသည်။ 

“ ဒီစာရင်းက မနေ့က ညအထိစာရင်းပေါ့။ ဒါက ယာယီခိုလှုံရေးစခန်းမှာ နေတာကို ပြောတာပါ။ တချို့အနီးနားအိမ်တွေမှာ ခွဲနေတာတွေ ရန်ကုန်ပြန်နေကြတဲ့သူတွေနဲ့ တခြားနေရာကို ရွေ့ပြောင်းတဲ့သူတွေမပါသေးပါဘူး” ဟု  လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။  

ထို့အပြင် လှည်းကူးမြို့နယ်ရှိ အချို့ကျေးရွာများတွင် ရေကြီးနစ်မြုပ်မှုကြောင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာ အကူအညီများလည်း  လိုအပ်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။  

“ အခက်အခဲကတော့ ရှိကြတာပါပဲ။ အဓိကကတော့ ရိက္ခာခြောက်တွေ လိုအပ်နေတယ်။ချက်ပြုတ်စားသောက်လို့ မရတဲ့ နေရာတွေလည်း ရှိနေတယ်ဆိုတော့လေ နောက်တော့ ရွာဘက်တွေမှာ ရေသန့်မရတဲ့ နေရာတွေရှိတယ် ရေမြုပ်သွားလို့ တချို့နေရာတွေဆို ရေအခက်အခဲ ဖြစ်နေကြတယ်။”ဟု ဒေသခံတဦးက ဆိုသည်။ 

လှည်းကူးမြို့နယ်အတွင်း ရေကြီးမှုဖြစ်ပွားနေသည့်အတွက်  ကယ်ဆယ်ရေးရေယာဥ် ၁၂ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့နှင့် အရံမီးသတ်တပ်ဖွဲ့များ စေလွှတ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ယနေ့နံနက်ပိုင်းတွင်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

ယခုလ အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းများတွင်  မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြစ်ရေများမြင့်တက်လာကာ  ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည်။ 

လက်ရှိအချိန်၌ ပဲခူးမြို့တွင် နှစ်ပေါင်း ၆၀ အတွင်း ရေကြီးမှုဒဏ်ကို ဆိုးဝါးစွာကြုံတွေ့ခံစားနေရပြီး ရန်ကုန်တိုင်း လှည်ကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required