မြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး မိုးဆက်လက်ရွာသွန်း ရေကြီးရေလျှံမှုများဖြစ်ပေါ်

By YT  ( မဇ္ဈိမ)
03 August 2023
မြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး မိုးဆက်လက်ရွာသွန်း ရေကြီးရေလျှံမှုများဖြစ်ပေါ်
ဓါတ်ပုံ- ယနေ့ ဩဂုတ်လ ၃ ရက်နေ့၊ ဘားအံမြို့နယ်၌ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာမှုမြင်ကွင်း ( ဓါတ်ပုံ- မိုးမြင့်ထက်)

ဘီးလင်းမြစ်နှင့် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာမှု၊ မိုးဆက်လက်ရွာသွန်းနေမှုတို့ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်များနှင့် မွန်ပြည်နယ်၊ ဘီးလင်းမြိို့နယ်နှင့် သထုံမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံက သိရသည်။ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန​၏ ယနေ့ ဩဂုတ်လ ၃ ရက်နေ့၊ နေ့လယ် ၂ နာရီ ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့နယ်တွင် စိုးရိမ်ရေမှတ်ထက် တစ်ပေခန့် ကျော်လွန်နေပြီး ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် မြင့်တက်နေကြောင်း သိရသည်။ 

သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်မှု၊ မိုးရွာသွန်းမှုတို့ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ် (၂) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၁) ရပ်ကွက် မီးစက်အနောက်ဘက်နှင့် တောင်နန်း၊ ဆယ်အိမ်စု၊ ကိုင်တောဘက်တွင် နေအိမ်များအတွင်းအထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း၊ စိုးရိမ်ရသော အနေအထားမရှိသေးကြောင်း သိရသည်။ 

" နောက်ဆုံးတိုင်းထားတဲ့ အခြေအနေအရ ၇၈၄ စင်တီမီတာအထိ တက်နေပြီဗျ။ အထက် မိုးကောင်းရင်တော့ ကမ်းနားလမ်းတစ်လျှောက်လုံးပါ မြုပ်ဖို့ အလားအလာရှိပါတယ်၊ အခုတော့ စိုးရိမ်ရတဲ့အခြေအနေမျိုးတော့ မရှိသေးပါဘူး၊ ရေက တရိပ်ရိပ်တက်လာတဲ့သဘောပါပဲ။ မနက်ဖြန်မှ ခေါင်ရေတက်မှာဖြစ်တဲ့အတွက် မနက်ဖြန်ကို အဓိကထား စောင့်ကြည့်ရမှာဖြစ်ပါတယ်" ဟု ဘားအံမြို့နယ်တွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

သို့သော်လည်း လာမည့် ဩဂုတ်လ ၄ ရက်နေ့တွင် ခေါင်ရေတက်မည်ဖြစ်သဖြင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများအနေဖြင့် အဆိုပါ အနိမ့်ပိုင်းဒေသများရှိ ဒေသခံများအား လိုအပ်သော ကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန် အသင့်အနေအထား ပြင်ဆင်ထားရကြောင်း သိရသည်။ 

ထို့အတူ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်နေမှု၊ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်း၍ တောင်ကျရေစီးဆင်းမှုတို့ကြောင့် ပြီးခဲ့သည့်ဩဂုတ်လ ၁ ရက်နေ့မှစ၍ ယနေ့ ဩဂုတ်လ ၃ ရက်နေ့အထိ ဘီးလင်းမြစ်ကမ်းနားဘေးရှိ ရွှေလှေကျေးရွာ၊ နှင်းပုလဲကျေးရွာ၊ သစ်တိုကျွန်းကျေးရွာ၊ အနိုင်းပွန်ကျေးရွာ၊ ဒေါက်ရပ်ကျေးရွာ၊  အလူးလေးကျေးရွာ၊ အလူးကြီးကျေးရွာ၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာနှင့် အစူးချောင်းကျေးရွာတို့တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။ 

တို့အတူ ဘီးလင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဖိုးလှကြီးရပ်ကွက်၊ ဖိုးရာဇာရပ်ကွက်၊ ကန်သာယာရပ်ကွက် (၆)၊ ရပ်ကွက် (၇)၊ ရပ်ကွက် (၈)တို့တွင်လည်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ 

" မနက်ကတော့ စိုးရိမ်ရေမှတ်အထက် နည်းနည်းလျော့လာပေမယ့် ဒီညနေစောင်းမှာတော့ မိုးရွာတော့ နည်းနည်း ရေအမှတ် ပြန်တိုးလာတယ်။ ရေဘေးသင့်ပြည်သူတွေကိုတော့ ဒေသအလိုက် ဒီမှာရှိတဲ့အဖွဲ့တွေကတော့ နီးစပ်ရာတွေကို ကူညီကြတာပေါ့။ ရွှေ့ပြောင်းရတာတွေ ကူညီပေးတယ်။ နီးစပ်ရာ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့ကို ရွှေ့ကြတာ များပါတယ်။ အစားအသောက်တို့ ရေတို့ကိုက တက်ကြွတဲ့ လူငယ်တွေက လိုက်စုပေးပြီးတော့ လိုက်လှူပေးတာ ရှိပါတယ်" ဟု ဘီးလင်းမြို့နယ် လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ဘီးလင်းမြို့နယ်နှင့် သခုံမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်နေသည့် ပြည်သူများအား နီးစပ်ရာ အမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့တွင် ပြောင်းရွှေ့ထားကြပြီး အဆိုပါ ပြည်သူများအတွက် အစားအသောက်၊ ရေတို့အား လူမှုကူညီရေးအသင်းများ၊ ဒေသအတွင်း ပရဟိတလူငယ်များမှ စုစည်းလှူဒါန်းပေးနေကြကြောင်း သိရသည်။ 

ဘားအံမြို့နယ်၌ သံလွင်မြစ်ရေသည် ဩဂုတ်လ ၄ ရက်နေ့တွင် လက်ရှိ ရေမှတ်အနေအထားထက် ပေဝက်ခန့် ထပ်မံ မြင့်တက်နိုင်ခြေရှိသဖြင့် ဘားအံမြို့နယ် မြေအနိမ့်ပိုင်းနှင့် မြစ်ကမ်းနားတွင် နေထိုင်ကြသူများ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန​က ယနေ့ ဩဂုတ်လ ၃ ရက်နေ့၊ နေ့လယ် ၂ နာရီ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required