မွန်နှင့် တနင်္သာရီအတွက် ရေဘေးသတိ‌ပေးချက်NUG ထုတ်ပြန်

By ရောင်နီ (မဇ္စျိမ)
18 July 2023
မွန်နှင့် တနင်္သာရီအတွက် ရေဘေးသတိ‌ပေးချက်NUG ထုတ်ပြန်
Photo - ရေးမြို့နယ်အတွင်း ယနေ့ နံနက်ပိုင်း ရေကြီးနစ်မြုပ်မှုအခြေအနေ

မုတ်သုံလေအားအလွန်ကောင်းနေသောကြောင့်  မွန်ပြည်နယ်နှင့် တနသ်ာရီတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုဘေး သတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။ 

ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရက်သတ္တပတ်တစ်ပတ်စာ မိုးလေ၀သအခြေအနေကို  MOHADM က  ထုတ်ပြန်ထားပြီး ရေဘေးအတွက် သတိပေးထားခြင်း ဖြစ်သည်။ 

မိုးများမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် ရေကြီးရေလျှံ၊ မြေပြိုဘေးများ အထူးသတိထားပြင်ဆင်နေထိုင်သင့်ကြောင်း အထက်ပါဒေသနှစ်ခုကို MOHADM က သတိပေးထားသည်။ ထို့အပြင်  တိုင်းနှင့်ပြည်နယ်အများစုတွင်  မိုးရွာသွန်းနိုင်ကြောင်းအသိပေးထားသည်။ 

လတ်တ‌လောတွင် တောင်တရုတ်ပင်လယ်၌ အပူပိုင်းမုန်တိုင်း“တာလင်း”(Talim) ဖြစ်ပေါ်နေပြီး ယင်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း‌ဒေသများ ပုံမှန်ထက်မိုးကောင်းခဲ့သည်ဟု ရာသီဥတုအရေးလေ့လာသူများကပြောသည်။
အဆိုပါမုန်တိုင်းသည်ယနေ့ ဇူလိုင် ၁၈ရက်နံနက်တွင် တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေသို့ ဝင်ရောက်ပြီး အားလျော့သွားနိုင်သည်ဟု မိုးလေဝသခန့်မှန်းရေးအေဂျင်စီအချို့ကထုတ်ပြန်ထားသည်။

မုတ်သုံလေအားကောင်းခြင်းနှင့်တောင်တရုတ်ပင်လယ်မှအပူပိုင်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်လည်း မိုးကောင်းနေစဉ် မြစ်ချောင်းများ ရေတိုးလာနေသည်။ ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် မြင့်တက်နေသည်ဟု စစ်ကောင်စီ၏ မိုးဇလဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။ချင်းတွင်းမြစ်ရေသည် နောက်နှစ်ရက်အတွင်း တစ်ပေခန့် ဆက်လက်မြင့်တက်လာနိုင်သည်ဟု သတိပေးထားသည်။

ယနေ့နံနက်ပိုင်းအခြေအနေတွင် မွန်ပြည်နယ်မှ ရေးနှင့် သံဖြုဇရပ်မြို့နယ်၊ တနင်္သာရီတိုင်းမှ မြတ်၊ ထားဝယ်၊ လောင်းလုံမြို့တို့တွင် မိုးကောင်းပြီး မြေနိမ့်ပိုင်း နေရာများ ရေကြီးနစ်မြုပ်နေကြောင်း သတင်းရရှိသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly