မူဆယ်မြို့တွင် လုံထန်ပြည်သူ့စစ်၏ လုံခြုံရေးတာဝန်ခံ ပစ်သတ်ခံရ

By ဂျူချန်း(မဇ္ဈိမ)
27 April 2023
မူဆယ်မြို့တွင် လုံထန်ပြည်သူ့စစ်၏ လုံခြုံရေးတာဝန်ခံ ပစ်သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် လုံထန်ပြည်သူ့စစ်အဖွဲ့၏ လုံခြုံရေးတာဝန်ခံတစ်ဦး ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်က လက်ဖက်ရည်သောက်နေစဉ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မူဆယ်မြို့၊ စက်မှုရက်ကွက်ရှိ မင်းထိပ်ခေါင်(၃)လက်ဖက်ရည်ဆိုင်တွင် နံနက်စာစားနေစဉ် ဦးခေါင်းကို သေနတ်ဖြင့်တေ့ကာ ပစ်ခတ်ခံခဲ့ရပြီး နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဆိုသည်။

“ ဆိုင်ကယ်နဲ့လာသွားတယ်လို့ ပြောသံကြားတယ်။ ဘယ်နှစ်ဦးလဲတော့ မသိဘူး။ လင်မယားနှစ်ယောက် လက်ဖက်ရည်သောက်နေတာ အနောက်ကနေ တစ်ချက်တည်းတေ့ပစ်သွားတယ်”ဟု မူဆယ်မြို့ခံ တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

သေဆုံးသူသည် စစ်ကောင်စီတပ်လက်အောက်ခံ မူဆယ်မြို့ လုံထန်ပြည်သူ့စစ်အဖွဲ့၏ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်ငယ်၊ စက်မှုလမ်းခွဲနှင့် ဟိုနားကားလေးကွင်း လုံခြုံရေးတာဝန်ခံ ကိုလတ် (အသက် ၃၅ နှစ်) ဆိုသူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူအား မူဆယ်မြို့ဆေးရုံသို့ ပို့ဆောင်ထားပြီး မည်သည့်အဖွဲ့မှ ပစ်ခတ်သွားသည်ကို အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးမှ  မူဆယ်မြို့၊ စွမ်စော် ရပ်ကွက်ရှိ လုံထန်ပြည်သူ့စစ်ခေါင်းဆောင် ဦးဟန်ဝင်း၏နေအိမ်ကို လက်လုပ်မိုင်းဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ သေးသည်။

ပြည်သူ့စစ်အများအပြားရှိသည့် မူဆယ်မြို့တွင် လက်သည်မပေါ်သည့် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွား လေ့ရှိပြီး မတ်လ ၃၁ ရက်နေ့ကလည်း မူဆယ်မြို့၊ သိန်းသန်းချီကားကွင်း အဝင်ဂိတ်တွင် အမည်မသိ သေနတ်သမားများမှ လာရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ လုံထန်ပြည်သူ့စစ်နှစ်ဦး သေ ဆုံးခဲ့သေးသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required