မူဆယ်တွင် စစ်တပ်နှင့်ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ၃ဦးသေဆုံးဟုဆို

By ဂျူချန်း (မဇ္ဈိမ)
30 August 2023
မူဆယ်တွင် စစ်တပ်နှင့်ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ၃ဦးသေဆုံးဟုဆို
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ(ပုံဟောင်း)

မူဆယ်မြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီးတွင် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး၊ ပြည်သူ့စစ် တဦး သေဆုံးသွားကြောင်း မြို့ခံများကပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၄နာရီခန့်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုံအဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် လုံထန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ဂိတ်ကြေးကောက်ခံသည့် ကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ သေနတ်ဖြင့်နှစ်ဘက်ပစ်ခတ်ကြခြင်းဟုမြို့ခံတဦးက ပြောသည်။

“ပြည်သူ့စစ်က လမ်းတဖက်ကနေ ကူးလာပြီး မျက်နှာချင်းဆိုင်မှာရှိတဲ့ ဂိတ်ရှေ့မှာ အနီးကပ်ပစ်တာ တွေ့ရတယ်။ဗိုလ်ကြီးတယောက်နဲ့ စစ်သားတယောက်၊ ပြည်သူ့စစ်တယောက်သေတယ်"ဟု ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့သည့် မူဆယ်မြို့ခံက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှုသည် ၁၅မိနစ်ခန့်ကြာခဲ့သည်ဟု သိရသည်။သေဆုံးသူနှစ်ဦးအနက် တဦးမှာစစ်ဆေးရေးဂိတ်တွင် အရပ်ဝတ်ဖြင့် ရှိနေသည့် စစ်ကောင်စီတပ် ဗိုလ်ကြီးဖြစ်ကြောင်း ဒေသခံက ပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ပစ်ခတ်မှုဖြစ်ပွားသည့် စီစီတီဗီရုပ်သံမှတ်တမ်းသည် လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့လာခဲ့ပြီး ဓာတ်ပုံမှတ်တမ်းအချို့တွင်လည်း အရပ်ဝတ်ဖြင့် သေဆုံးနေသူတဦး၊ ဒဏ်ရာရထားသူတဦး၊ ကွန်မန်ဒိုဘောင်းဘီဝတ်ဖြင့် လဲကျနေသူတဦး၊ ပြည်သူ့စစ်ယူနီဖောင်းဖြင့် သေဆုံးနေသူတဦးကို တွေ့မြင်ရသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့် စစ်ဆေးရေးဂိတ်သည် စစ်ကောင်စီတပ်နှင့် လုံထန်ပြည်သူ့စစ်တို့က ကုန်တင်ကားများ၊ ခရီးသည်တင်ကားများထံမှ ငွေတောင်းခံသည့် ဂိတ်ဖြစ်ကြောင်း ဒေသခံများကပြောသည်။

မူဆယ်မြို့နယ်အတွင်း ယခုရက်ပိုင်းတွင် စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်နှင့်တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲများဖြစ်ပွားနေသည်။ ထိုအခြေအနေတွင် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး စစ်‌ကောင်စီဘက်တွင် အုပ်ချုပ်ရေးနှင့် အမိန့်ပေးစနစ် ဖရိုဖရဲဖြစ်နေခြင်းဟု မူဆယ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကပြောသည်။

ပြည်သူ့စစ်အဖွဲ့များသည် စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် လုံထန်၊ ကောင်းခါး၊ ပန်ဆေး၊တာမိုးညဲနှင့် ပိန်းဆာပြည်သူ့စစ်အပါအဝင် ပြည့်သူ့စစ်အဖွဲ့ ဆယ်ဖွဲ့ထက်မနည်းရှိနေပြီ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ လောင်းကစားဝိုင်းများဖွင့်ခြင်း၊ ဒေသခံများထံမှ မတရားငွေတောင်းခြင်းဖြင့် စီးပွားရှာကြကြောင်း ဒေသခံများကပြောသည်။

ယခုတိုက်ပွဲနှင့် ပတ်သက်၍ မူဆယ်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် လုံထန်ပြည်သူ့စစ်အဖွဲထံ မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရပေ။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly