ရန်ကုန်−မန္တလေးအမြန်လမ်းတွင် တစ်ပတ်အတွင်း ယာဉ်မတော်တဆမှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွား

By ရွှေနွယ် (မဇ္ဈိမ)
10 April 2023
ရန်ကုန်−မန္တလေးအမြန်လမ်းတွင် တစ်ပတ်အတွင်း ယာဉ်မတော်တဆမှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သည့်တစ်ပတ်အတွင်း ယာဉ်မတော်တဆမှု ၅ ကြိမ် ထက်မနည်းဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မတော်တဆမှုများမှာ ဧပြီလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အတွင်းဖြစ်ပွားခဲ့ပြီး လူထိခိုက်၊ သေဆုံးမှုများ လည်း ရှိခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ  မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။

ယနေ့ ဧပြီလ ၁၀ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၅/၆) နှင့် (၃၂၅/၇) ကြား၌ Honda Civic အမျိုးအစားယာဉ်သည် လမ်းဘေးရှိ ဘယ်ရီယာတုံးအား ဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုအား ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ ဝင်များမှသွားရောက်ငြိမ်းသတ်ခဲ့ပြီး ဆယ်မိနစ်ခန့်အကြာတွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော အမျိုးသားသုံးဦးသေဆုံးခဲ့ပြီး ရုပ်အလောင်း များအား နွားထိုးကြီးပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။

အလားတူ ဧပြီလ ၉ ရက်နေ့ ည ၉ နာရီခွဲခန့်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၆/၀)တွင် ရွှေရည်ဖူးပွင့်ခရီးသည်တင်ယာဉ်သည် အနောက်မှ အတိုက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေး သည်။

ဧပြီလ ၄ ရက်မှ ၁၀ ရက်နေ့အတွင်းဖြစ်ပွားခဲ့သည့် မတော်တဆမှုများအတွင်း စုစုပေါင်း အမျိုးသမီး  နှစ်ဦး၊ အမျိုးသား လေးဦး သေဆုံးကာ၊ ခြောက်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဧပြီလအတွင်းမှာ ရန်ကုန်−မန္တလေးအမြန်လမ်းတစ်လျောက် ယာဉ်မတော်တဆမှု ခြောက်ကြိမ် ဖြစ်ပွား ထားပါတယ်။ အခုကာလက ရာသီဥတုကလည်း အရမ်းပူလာပြီဖြစ်တာကြောင့် ယာဉ်မောင်းတွေအနေနဲ့ သတိထားကြဖို့နဲ့ ခရီးမစခင်မှာ ယာဉ်ကိုသေချာလေးစစ်ဆေးမှု လုပ်ကြဖို့ အကြံပြုချင်ပါတယ်” ဟု အမြန် လမ်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်−မန္တလေးအမြန်လမ်းသည် အရှည်အားဖြင့် ၃၆၄ မိုင် ရှည်လျားပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ကုန်ပိုင်းတွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required