အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ သေဆုံးသူရှိ 

By ရွှေနွယ်(မဇ္ဈိမ)
02 September 2023
အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ သေဆုံးသူရှိ 
ပုံအညွှန်း- အမြန်လမ်းတွင်ဖြစ်ပွားခဲ့သည့် ယာဥ်တိုက်မှု(ဓာတ်ပုံ-ပေးပို့)

ရန်ကုန်−မန္တလေး အမြန်လမ်းတွင် ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က အိမ်စီးကားတစီးသည် လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထန်းပင်တို့အား တိုက်မိသောကြောင့် ယာဉ်မောင်း အမျိုးသားတဦး သေဆုံးကြောင်း သတင်းရရှိသည်။

TOYOTA CROWN အမျိုးအစား အိမ်စီးကားသည် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ်  မိုင်တိုအမှတ်(၁၁၃/၄)နှင့်(၁၁၃/၅)ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့လမ်းချော်ကာ သစ်ပင်များအား တိုက်မိခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က မဇ္ဈိမသို့ပြောသည်။

"အရှိန်မထိန်းနိုင်တာပါ။ ဒဏ်ရာရသူ နှစ်ဦးတော့လက်ရှိ ဖြူးဆေးရုံမှာပါ" ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်က ပြောသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား သုံးဦးလိုက်ပါလာခြင်းဖြစ်ပြီး ယာဉ်မောင်းအမျိုးသားမှာ နေရာမှာပင်သေဆုံးကာ ကျန်နှစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အား ၁၁၅ မိုင် ကြက်ခြေနီအသင်းမှ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၇၇/၅)နှင့်(၇၇/၆)ကြားတွင် Express အဖြူရောင်ယာဉ်သည် မရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျသောကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ၁၆ ဦးအနက် အမျိုးသား တဦးသေဆုံးကာ အမျိုးသမီး တဦးပြင်းထန်ဒဏ်ရာရ၍ ကျန် ၁၄ ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြသေးသည်။

စာတည်း။       ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly