ရန်ကုန်တွင် YBS ယာဉ်အရှေ့သို့ပြေးဝင်၍ ကားအတိုက်ခံရန် ကြိုးစားမှုဖြစ်ပွား

By ဂျူချန်း (မဇ္ဈိမ)
20 March 2023
ရန်ကုန်တွင် YBS ယာဉ်အရှေ့သို့ပြေးဝင်၍ ကားအတိုက်ခံရန် ကြိုးစားမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းအနီး သဲကွင်းမှတ်တိုင်နှင့် ဟုမ်းလမ်းမှတ်တိုင် ကြားတွင် မောင်းနှင်လာသည့် YBS ယာဉ်အရှေ့သို့ပြေးဝင်ကာ ကားအတိုက်ခံရန်ကြိုးစားမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

မတ်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် YBS 23 ယာဉ်ရှေ့သို့ အသက် ၆၀ ဝန်းကျင် အမျိုးသား တစ်ဦး ရုတ်တရက်ပြေးဝင်၍ ကားအတိုက်ခံရန်ကြိုးစားခဲ့ခြင်းဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ လည်း အတည်ပြုသည်။

အဆိုပါအမျိုးသား၏အပြုအမူသည် ပုံမှန်မဟုတ်သဖြင့် အနီးဝန်းကျင်ရှိ အခြားယာဉ်မောင်းတစ်ဦးမှ ဖြစ် စဉ်ကို ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့သည်။

“ကားတိုက်လို့ သွားခေါ်ဆိုလို့ သွားခေါ်တဲ့အချိန်မှာ အနောက်က အကိုတစ်ယောက်က ဒီလို ဒီလိုရှိတယ် လို့ ရိုက်ထားတာပြတော့မှ သူ့ကိုယ်သူ အဆုံးစီရင်မှန်းသိတာပါ။ သူက စိတ်ကလည်းပုံမှန်မဟုတ်ဘူးလား မသိဘူး။ ဘာကြောင့် လုပ်တာလဲဆိုတာတော့ ကာယကံရှင်ပဲ သိလိမ့်မယ်” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗီဒီယိုဖိုင်ထဲတွင် ပုံမှန်အတိုင်းမောင်းနှင်နေသည့် YBS 23 ယာဉ်အရှေ့သို့ ရုတ်တရက်ပြေးဝင်သဖြင့် ယာဉ်မောင်းမှ မတိုက်မိစေရန် ကြိုးစားတိမ်းရှောင်ခဲ့သည်ကို မြင်တွေ့ရသည်။

သို့သော်လည်း ကားဖြင့်တိုက်မိခဲ့ပြီး ယာဉ်တိုက်ခံရသူအမျိုးသားသည် ဦးခေါင်းတွင်ဒဏ်ရာရရှိကာ YBS 23 ယာဉ်မောင်းမှာလည်း အခင်းဖြစ်ပြီးချင်း ထွက်ပြေးခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် အသက်သေဆုံးမှုမရှိခဲ့သော်လည်း ဦးခေါင်းတွင်ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီး သို့ပို့ဆောင်ခဲ့ရပြီး YBS 23 ယာဉ်မောင်းမှာ အခင်းဖြစ်ပြီးပြီးချင်း တိမ်းရှောင်နေခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးကင်းမဲ့လာမှုနှင့်အတူ ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် စားဝတ်နေရေးကျပ်တည်းလာမှု၊ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုများကြောင့် အဆုံးစီရင်မှုများ တိုးပွားလာကြောင်း ပညာရှင်တချို့မှထောက်ပြကြသည်။

မတ်လ ၁၇ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်နေထိုင်သူ အမျိုးသမီးတစ်ဦးနှင့် မတ်လ ၁၆ ရက်နေ့ကလည်း ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်မှ အမျိုးသားတစ်ဦးတို့ မိမိကိုယ်ကို အဆုံးစီရင်မှုများ  ဖြစ်ပွားခဲ့သေးသည်။

ပြည်သူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာများကြုံတွေ့ရပါက စိတ်ချယုံကြည်ရသော အသိမိတ်ဆွေ၊ မိသားစုဝင်များထံမှ အကြံဉာဏ်ကိုရယူသင့်ကြောင်းနှင့် အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ကြောင်း “တယ်လီ ကျန်းမာ”၊ “အဆင်မပြေလည်း ရပါတယ်” အစရှိသည့် လူမှုကွန်ရက်စာမျက်နှာများက ဖိတ်ခေါ်ထား သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly