ပုသိမ်ကြီးမြို့မရဲစခန်းမှ ရဲတစ်ဦးကို ဆိုင်ကယ်စီးလူနှစ်ဦးက ပစ်သတ်ပြီး သေနတ်နှင့်ကျည်များပါယူဆောင်သွား 

By 007 (မဇ္ဈိမ)
07 April 2023
ပုသိမ်ကြီးမြို့မရဲစခန်းမှ ရဲတစ်ဦးကို ဆိုင်ကယ်စီးလူနှစ်ဦးက ပစ်သတ်ပြီး သေနတ်နှင့်ကျည်များပါယူဆောင်သွား 

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် ယမန်နေ့ ဧပြီ၆ရက်ညနေက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကွမ်းယာထွက်ဝယ်စဉ် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။ 

ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာထိပ်ရှိဓာတ်အားခွဲရုံတွင် အစောင့်ကျနေသည့် ပုသိမ်ကြီးမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်အောင်နွယ်စိုးကို ဆိုင်ကယ်စီးလာသူနှစ်ဦးက ပစ္စတိုသေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း အခင်းဖြစ်စဉ်ကိုသိရှိသည့်ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

“အနောက်ကနေလှမ်းပစ်သွားတာလို့ပြောတာပဲ။ ကျွန်တော်တို့ထွက်ကြည့်တော့ စစ်သားတွေရောက်နေပြီ။ တစ်ချက်တည်းနဲ့ ဘိုင်းကနဲလဲသေတာ”ဟုအဆိုပါ ဒေသခံက ပြောသည်။ 

ရဲဒုတပ်ကြပ်အောင်နွယ်စိုးသည် ဧပြီ ၆ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်တွင် အစောင့်ကျနေသည့်နေရာမှ  ကိုက် ၄၀၀ အကွာတွင်ရှိသော ကွမ်းယာဆိုင်သို့ ယူနီ‌ဖောင်း၊လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ထွက်လာစဉ် ဆိုင်ကယ်စီးလူနှစ်ဦးက ပစ္စတိုသေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ 
လက်ဝဲဘက်နားထင်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်နေရာတွင်ပွဲချင်းပြီးသေဆုံးပြီး ၎င်းကိုင်ဆောင်လာသည့် MA-13 အမျိုးအစားသေနတ်တစ်လက်၊ ကျည်ဆန်ငါးတောင့်နှင့် ကျည်ဘောက်တစ်ခုကို ပစ်ခတ်သူများက ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

ရဲဒုတပ်ကြပ်အောင်နွယ်စိုးအား မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို  မသိရသေးပေ။ 

မန္တလေးမြို့တွင် ပြီးခဲ့သည့်မတ်လ ၂၀ ရက်နေ့ကလည်း အမရပူရမြို့နယ်တရားရုံးအတွင်း အစောင့်ကျနေသော ရဲတပ်ဖွဲ့ဝင်များ လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရသွားကြောင်းသိရသည်။ 

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly