ရွှေကူမြို့ မံဝိန်းကျေးရွာရှိ လူနေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး 

By KMN (မဇ္ဈိမ)
31 March 2023
ရွှေကူမြို့ မံဝိန်းကျေးရွာရှိ လူနေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး 

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို မတ်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင့် နေအိမ် နှစ်လုံးမီးလောင်ပျက်စီးခဲ့ပြီး ကျန်ရှိသည့်နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက်မီးရှို့ရာ နေအိမ် ၁၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး စပါးကျီများစွာ မီးလောင်ပျက်စီးခဲ့ကြောင်း Shwegu KPDF က ယနေ့ မတ်လ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

"တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈) အကြမ်းဖက်စစ်ကြောင်းတွေရဲ့ ထပ်မံ မီးရှို့ဖျက်ဆီးမှုများကြောင့် မံဝိန်းကျေးရွာမှာရှိတဲ့ လူနေအိမ် ၁၀၀လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တာပါ"ဟု Shwegu KPDF ကဆိုသည်။ 

မတ်လ ၃၀ ရက်နေ့ ၊ ညကလည်း ရွှေကူမြို့၊ ရဲစခန်းအနီးမှာတပ်စွဲနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်းမြို့ခံတစ်ဦးက ပြောသည်။ 

မတ်လ ၃၀ ရက်နေ့ည၊ ရွှေကူမြို့၊ ရဲစခန်းအနီးတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို မတ်လ ၂၃ ရက်နေ့မှစတင်ကာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိ မံဝိန်း၊ ငှက်တံတား၊ ဝင်ဝ၊ စီသောင်၊ စီမူလေး စသည့်ကျေးရွာများအား စစ်ကောင်စီတပ်မ (၇၇) ၊ တပ်မ (၁၀) ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေနှင့် ထိတွေ့တိုက်ပွဲများ ယနေ့အထိဖြစ်ပွားနေပြီး ကျေးရွာနေ ပြည်သူများသည် ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ 

စာတည်း- သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required