မယ်ခါးထာစခန်းအား ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း KNU ထုတ်ပြန် 

By YT  (မဇ္ဈိမ)
30 March 2023
မယ်ခါးထာစခန်းအား ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း KNU ထုတ်ပြန် 

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၅) နယ်မြေ၊ သံလွင်မြစ်ကမ်းအနီးရှိ စစ်ကောင်စီတပ်၏ မယ်ခါးထာစခန်းကို ပြန်လည်သိမ်းယူနိုင်လိုက်ပြီဟု KNU တပ်မဟာ (၅) မူတြော်ခရိုင်သတင်းစဉ်မှ မတ်လ ၃၀ ရက်တွင် တရားဝင်ထုတ်ပြန်သည်။ 

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၊ နံနက် ၅ နာရီအချိန်တွင် တပ်မဟာ (၅) KNLA၊ Force For Federal Democracy- FFD ပူးပေါင်းတပ်ဖွဲ့မှ စတင်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲကြာချိန် ၄၅ မိနစ်အတွင်း မယ်ခါးထာစခန်းရှိ စစ်ကောင်စီတပ်သား ၁၆ ဦး ကျဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ စခန်းအားအပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

စစ်ကောင်စီတပ်မှ ဒဏ်ရာရသူ ခုနစ်ဦးအနက် ငါးဦးသည် သံလွင်မြစ်ကိုဖြတ်ကာ ထိုင်းနိုင်ငံဘက်သို့ လွတ်မြောက်သွား၍ ထိုင်းတပ်မတော်မှ နီးစပ်ရာဆေးရုံတွင် ဆေးကုသမှု ပေးထားကြောင်း သိရသည်။ 

မယ်ခါးထာစခန်းသိမ်းတိုက်ပွဲတွင် KNLA၊ FFD ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးကျဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ MA-1၊ MA-2၊ MA-4၊ RPG-7၊ ၆၀မမစိန်ပြောင်း၊ စက်လတ်၊ စနိုက်ပါ အစရှိသည့် လက်နက်မျိုးစုံ ၂၃ လက်နှင့် ကျည်များ၊ ဆက်သွယ်ရေးစက်နှစ်လုံး၊ စကားပြောစက်နှစ်လုံး၊ ဖုန်းနှစ်လုံး၊ ဓာတ်ခဲဗူး လေးဗူးနှင့် စစ်ဘောင်းဘီနှစ်ထည် သိမ်းဆည်း ရမိခဲ့ကြောင်း ဖော်ပြထားသည်။ 

မယ်ခါးထာစခန်းနေရာသည် ယခင်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၀) အခြေစိုက်ရာ နေရာဖြစ်သည်။

KNU ဗဟိုဌာနချုပ် မာနယ်ပလောကျဆုံးချိန် ၁၉၉၅ ခုနှစ်တွင် ယင်းနေရာကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သိမ်းပိုက်ပြီး အထိုင်ချထားသည့် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင်လည်း KNU တပ်မဟာ (၅) နယ်မြေ၊ သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီတပ်၏ ကျောက်ညှပ်ရှေ့တန်းစခန်းအား KNLA၊ BPLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့သေးသည်။

စာတည်း။ ။။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly