အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ၆ ဦးခန့်သေဆုံးဟုဆို 

By ရွှေနွယ် မဇ္ဈိမ
26 March 2023
အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ၆ ဦးခန့်သေဆုံးဟုဆို 

ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးရှိ တာဝါတိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးကြောင်း Bago Region PDF က သတင်းထုတ်ပြန်သည်။

"မနေ့က (မတ်လ ၂၅ ရက်နေ့) ညနေ ၅ နာရီကျော်လောက်မှာ တကြိမ်ပစ်တယ်။အဲ့တုန်းက လက်နက်ကြီးမသုံးရဘူး။ သူတို့တက်လာတာကို ကျွန်တော်တို့က ဆီးပစ်တာ။ ခုမနက် ၈ နာရီကျော်မှာတော့ ကျွန်တော်တို့ ၄၀ မမ တွေ၊ ၆၀ မမတွေသုံးရတယ်။သူတို့ဘက်က အင်အား ၆၀ ထက်မနည်းဘူး။ သူတို့ ဆည်ဘက်လောက်၊ တာဝါဘက်လောက်အထိ ပြန်ဆုတ်သွားကြရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။ 

သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄)၊တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၅)နှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၅)၊တပ်စု ၂ ပူးပေါင်းတပ်ဖွဲ့များက မြွေပွေးစစ်ကြောင်း၊မြင်းပျံစစ်ကြောင်းနှစ်ခုခွဲ၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပဲခူးတိုင်းစစ်ရေးသတင်းများကို ထုတ်ပြန်နေသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ Bago Region PDFက ယနေ့ မတ်လ၂၆ရက်ညနေတွင် သတင်း ထုတ်ပြန်ထားသည်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးခန့်သေဆုံးနိုင်သည်ဟု မြေပြင်သတင်းများအရသိရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

စစ်ကောင်စီတပ်သည်  တာဝါတိုင်ကျေးရွာမှနေအိမ်များကို ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုကားဖြင့် ယူ‌ဆောင်သွားသည်ဟု ဒေသခံများကပြောသည်။ထို‌နေ့ နံနက်ပိုင်းက ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခြောက်ဦးသေဆုံးခဲ့ပြီး အထိနာသွားသောကြောင့် ရွာကိုမီးလာရှို့ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။ 

ထို့နောက် မတ်လ ၂၅ ရက်နေ့၌ ဝိုင်းရွာသို့ စစ်ကောင်စီတပ်စစ်ကား နှစ်စီးဖြင့် ထပ်မံအင်အားဖြည့်ရောက်ရှိလာပြီး ယင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ တိုက်ခိုက်ခြင်းဖြစ်သည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးပြီး  မီးရှို့ဖျက်ဆီးနေ၍  တာဝါတိုင်ရွာ၊ ချောင်းစောက်နှင့် ရေတာရွာအပါအဝင် ကျေးရွာငါးရွာမှဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြရသည်ဟု သတင်းရရှိသည်။ 

"စစ်ရှောင်နေကြရတာကငါးရွာပါ။ ဒီထဲမှာ အရင်ကတည်းက စစ်ကောင်စီကရွာတွေကို ဝင်မွှေ၊သတင်းထွက်ရင် ဝင်ဖမ်းလုပ်နေလို့ ဟိုကတည်းက ပြေးနေကြရတာတွေလည်းအများကြီးရှိတယ်။ ခုရက်ပိုင်းရွာမီးရှို့တာတွေကြောင့်ထပ်ပြေးကြရတာတွေလည်းရှိတယ်" ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

ယနေ့နံနက်ဖြစ်ပွားသောတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ  စစ်ကောင်စီတပ်များ၏ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ ထပ်မံအတည်ပြုစုံစမ်းနေဆဲဖြစ်သည်ဟု Bago Region PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly