ထီးလင်းမြို့မှထွက်လာသည့်ယာဉ်တန်းကို ဆင်းကြိုသောစစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃ ဦး သေ

By ပါခွီး (မဇ္စျိမ)
20 March 2023
ထီးလင်းမြို့မှထွက်လာသည့်ယာဉ်တန်းကို ဆင်းကြိုသောစစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃ ဦး သေ

မကွေးတိုင်း၊ ယောဒေသ ထီးလင်းမြို့မှထွက်လာသော စစ်ယာဉ်တန်းကို သွားရောက်ကြိုဆိုသည့် ပျူစောထီးနှင့် စစ်ကောင်စီပူးပေါင်းတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးခဲ့ကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က ထုတ်ပြန်သည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ယာဉ်တန်းကိုထွက်ကြိုသည့် အင်အား ၁၀၀ ခန့်ပါ  ခလရ (၅၀) မှ ကားလေးစီးကို ဂန့်ဂေါမြိုနယ် ရှောက်ပင်နှင့် ခေါက်ခူကျေးရွာအကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆို သည်။

“သူတို့ မိုင်းကွင်းထဲဝင်လာချိန်မှာ အယောင်ပြ မိုင်းဆွဲလိုက်တယ်။ ထွက်ပြေးချိန်မှာ ပင်မမိုင်းတွေနဲ့တွေ့ ပြီး ထိတာဗျ။ သေဆုံးဒဏ်ရာရသူတွေကို ရှောက်ပင်ရွာမှာစုပြီး နာရေးကားတွေခေါ်ပြီး ပြန်ပို့တာ” ဟု YPDF ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေးက ပြောသည်။

အသင့်ပြင်ထားသော မိုင်းအလုံးရေ ၂၀ ကျော်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး အယောက် ၂၀ ခန့်မှာ မြေပြင်ပေါ်သို့လဲကျခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုများကို မျက်မြင်တွေ့ရှိ ရကြောင်း ဆိုသည်။

မိုင်းဒဏ်ကြောင့် အထိနာသွားသည့် စစ်ကောင်စီတပ်သည် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ယင်းနေရာတွင် ခေတ္တရပ်နားကာ ရှေ့ဆက်မတိုးတော့ဘဲ ဂန့်ဂေါဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

ထီးလင်းမြို့မှ ထွက်ခွာလာသည့်စစ်ကြောင်းသည်လည်း လမ်းတလျှောက်တွင် ကာကွယ်ရေးတပ်ဖွဲ့များ ၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယာဉ်တန်းဖြတ်သန်းရာ ကျေးရွာများမှ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ခေတ္တရှောင်ပေးကြပါရန် နှင့် အချိန်မရွေး တိုက်ပွဲကြီးငယ်များ ဖြစ်ပွားလာနိုင်သဖြင့် သတိဖြင့်နေထိုင်ကြပါရန်လည်း YPDF က မေတ္တာရပ်ခံထားသည်။

ယောဒေသအတွင်း စစ်ကောင်စီတပ်များရှိသည့်နေရာများသို့ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်မှုများ ပြု လုပ်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေထိုင်ကြပါရန်နှင့် စစ်ကောင်စီ တပ်များ၏လှုပ်ရှားမှုများကိုစောင့်ကြည့်ပြီး ကာကွယ်ရေးအဖွဲ့များထံသို့ သတင်းပေးပို့ခြင်းဖြင့် တော်လှန် ရေးတွင်ပါဝင်ကြရန် အသိပေးထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required