ချောင်းဦးတွင် ရဲ ၂ ဦး ပစ်သတ်ခံရ လက်နက်ခဲယမ်းအချို့ကို ကာကွယ်ရေးအဖွဲ့ သိမ်းဆည်း

By ပါခွီး(မဇ္စျိမ)
20 October 2023
ချောင်းဦးတွင် ရဲ ၂ ဦး ပစ်သတ်ခံရ လက်နက်ခဲယမ်းအချို့ကို ကာကွယ်ရေးအဖွဲ့ သိမ်းဆည်း
ပုံအညွှန်း - သိမ်းဆည်းရမိသည့် သေနတ်နှင့် ဆက်စပ်ပစ္စည်းများ ဓါတ်ပုံ - မုံရွာခရိုင်တပ်ရင်း(၅) Aung San Force

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ၊ ကံဇီး (ပျူစောထီး) ရွာမှ ထွက်လာသော ရဲနှစ်ဦးကို ကာကွယ်ရေးပူးပေါင်းတိုက်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ သေဆုံးသွားပြီး ၎င်းတို့ ကိုင်ဆောင်သော သေနတ်နှစ်လက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၅) Aung San Force က မဇ္ဈိမကို အတည်ပြု ပြောသည်။

စားနပ်ရိက္ခာရှာဖွေရန်အတွက် ကံဇီးပျူရွာမှ ဆိုင်ကယ်ဖြင့် ရှေ့ကင်းထွက်လာသော ရဲနှစ်ဦး အောက်တိုဘာလ ၁၉ရက်၊ နံနက်၇နာရီတွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“အဲဒီပျူရွာမှာ ရိက္ခာပြတ်နေတယ်ဆိုတာတော့ သိရတယ် ၊ အနီးနားမှာရှိတဲ့ရွာတွေကို ထွက်ပြီး ရိက္ခာရှာတဲ့အချိန်မှာ ကျနော်တို့က စောင့်ပြီးချုံခိုတိုက်ခဲ့တာပါ” ဟု Aung San Force ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

တိုက်ခိုက်မှုကြောင့် ရဲတဦး နေရာတွင်ပင် သေဆုံးသွားပြီး အခြားတဦးမှာ ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးရမိသော်လည်း ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားကြောင်း ဆိုသည်။

သေဆုံးသွားသည့် ရဲနှစ်ဦးမှာ ရဲတပ်ရင်း(၂၆) မှ ရဲတပ်သား ထွန်းကျော်စွာ(ခ) ထွန်းထွန်း နှင့် ရဲတပ်သား အောင်ဆန်းမြင့်တို့ဖြစ်ပြီး ၎င်းတို့ထံမှ G3 သေနတ်နှစ်လက်၊ ကျည်အိမ် ငါးခု၊ ၇ ဒသမ ၆၂ ကျည် ၁၅၀ တောင့် ၊ ကျည်ကာအင်္ကျီတထည်၊ လက်ကိုင်ဖုန်းတလုံး ၊ ဆိုင်ကယ်တစီး ၊ ဘေးလွယ်အိတ်တလုံးနှင့် ဓားရှည်တခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၅) Aung San Force(ASF) နှင့်အတူ မုံရွာခရိုင်တပ်ရင်း(၇) ၊ မုံရွာခရိုင်တပ်ရင်း(၂၅) ၊ သံမဏိ Force (MPDF) ၊ မုံရွာခရိုင် တပ်ရင်း (၂၈) နှင့် We Must Win မီးတောက်တပ်ခွဲ(၄) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ရွာခံပျူစောထီးများ အားကောာင်းသော ကံဇီးရွာတွင် စစ်ကောင်စီတပ်သားနှင့် ရဲအင်အား ၅၀ ခန့် တပ်စွဲထားပြီး ရဲနှစ်ဦး ရွာပြင်သို့ ထွက်လာစဉ် ရုတ်တရက် တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သားများနှင့် တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အရေးပေါ် လိုအပ်နေသော လက်နက်ခဲယမ်းများ ပါဝင်ကူညီအားဖြည့်ပေးကြရန်နှင့် စစ်ကောင်စီတပ်စခန်းများရှိရာ နေရာများကို ရှောင်ရှားသွားလာကြရန် Aung San Force တပ်ရင်းက ပြောသည်။

မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အပါအဝင် မြို့နယ်အများအပြားတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly