စစ်ကိုင်းတိုင်းတွင် ဇွန်လအတွင်း လူ ၉ ဦး မီးရှို့သတ်ခံရပြီး နေအိမ် ၂,၅၀၀ ကျော် မီးလောင်ပျက်စီး

By 001 (မဇ္စျိမ)
03 July 2023
စစ်ကိုင်းတိုင်းတွင် ဇွန်လအတွင်း လူ ၉ ဦး မီးရှို့သတ်ခံရပြီး နေအိမ် ၂,၅၀၀ ကျော် မီးလောင်ပျက်စီး
Photo - ဇွန်လအစပိုင်းက ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင်လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရမှု အခြေအနေ (ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်းတွင် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်က နေအိမ်အလုံးပေါင်း ၂,၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူကိုးဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ မီးသတ်ဦးစီးဌာနက ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မီးရှို့ခံရမှု ၇၉ ကြိမ်အတွင်း နေအိမ်ပေါင်း ၂,၅၁၁ လုံး မီးလောင်ပျက်စီးသွားရာ ယင်းအနက် စာသင် ကျောင်းတကျောင်းနှင့် ဘာသာရေးအဆောက်အဦး လေးလုံးပါဝင်သည်။

ဇွန်လအတွင်း စစ်ကိုင်းတိုင်း အပါအဝင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် နေအိမ်အလုံးပေါင်း ၂,၆၀၀ ကျော် မီးရှို့ဖျက် ဆီးခံလိုက်ရပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကြောင်း NUG မီးသတ်ဦးစီးဌာနက ဖော်ပြထားသည်။

အဆိုပါ တိုင်းနှင့် ပြည်နယ်များတွင် မီးရှို့ခံရမှု စုစုပေါင်း  ၉၃ ကြိမ်ရှိခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းသို့ လက်ရှိတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လအတွင်း ကံသစ်၊ ရွာသစ်၊ ကျီးအိုင်၊ မိုးနတ်၊ ယောက်သွားအိုင်၊ မြစ်တော်နှင့် ယာတော် စသည့် ကျေးရွာများမှ လူနေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ခင်ဦးမြို့နယ်အနောက်ခြမ်းဖြစ်သည့် မြင်းဒေါင်း၊ မကျီးအုပ်၊ သရက်ပင်စု၊ သင်တိုင်း စသည့် ရွာလေးရွာမှ ဒေသခံ ၃,၀၀၀ ခန့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရပြီး တောထဲတွင် တဲထိုးနေနေရကြောင်း စစ်ဘေးရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“လောလောဆယ် စားရေး၊ နေရေး ဆေးဝါးရော အများစုက လိုအပ်နေတယ်၊ အခုကတော့ရတဲ့ အလုပ် ကလေးလုပ်ပြီး ဝမ်းစာရေးကတော့ ဖြေရှင်းနိုင်သလောက်ဖြေရှင်းလို့တော့ အဆင်ပြေကြပါတယ်၊ ဒါပေမဲ့ ရေရှည်တော့ တောင့်ခံနိုင်လိမ့်မယ်မထင်ဘူး၊ ဘာဖြစ်လို့လဲဆို ကုန်ဈေးနှုန်းတွေကလည်း တအားကြီး မြင့်မားတဲ့အတွက် အခုက အလုပ်ကလည်း လက်မဲ့တွေဖြစ်နေကြပြီ” ဟု စစ်ဘေးရှောင် အမျိုးသမီးက ဆိုသည်။

ထိုပြင့် ဇွန်လအတွင်း မန္တလေးတိုင်းမှ လူခြောက်ဦးလည်း စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း NUG မီးသတ်ဦးစီးဌာနက ဖော်ပြထားသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် မေလအထိ စစ်ကောင်စီတပ်နှင့် လက် အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်ပေါင်း ၇၀,၃၂၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၅၃,၈၁၆ လုံးပါဝင်ကြောင်း Data for Myanmar က ဇွန်လ ၁၄ ရက်နေ့က ထုတ် ပြန်ထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required