ရေစကြိုမှာ စစ်ကောင်စီ၏ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

By MTO(မဇ္ဈိမ)
12 October 2023
ရေစကြိုမှာ စစ်ကောင်စီ၏ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်
ပုံအညွှန်း-ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များကို တွေ့ရစဉ်

မကွေးတိုင်း၊ ရေစကြိုမြို့  မြို့မ ရဲစခန်းမှ ခြေလျင်ထွက်လာသည့် အင်အား ၃၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ၁၂ လုံးမိုင်းတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းတွင် ခြေလျင်ထွက်လာသည့် အဆိုပါ စစ်ကြောင်းကို ရေစကြိုမြို့ အထွက်နားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ ရေစကြိုမြို့အထွက် ကခွားနီးစိုက်ပျိုးရေးခြံနားမှာ ၁၂လုံးတွဲမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဒီကောင်တွေ ခြောက်ယောက်လောက်အပြင်းအထန်ဒဏ်ရာရသွားတယ်၊ အဲ့နားမှာပဲ ပြည်သူတွေ စီးလာတဲ့ ကားတွေကိုတားပြီး ဒဏ်ရာရတဲ့ကောင်တွေကို ဆေးရုံကိုခေါ်သွားတယ်လို့ သိရတယ်” ဟုပြောသည်။

ပြီးခဲ့သည့် နှစ်ရက် သုံးရက်မှ စတင်၍ ပခုက္ကူဘက်မှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ရေစကြိုမြို့သို့ ပို့ဆောင်ကာ အင်အားတိုးချဲ့နေပြီး လက်ရှိအချိန်တွင် ရေစကြိုမြို့နယ်အတွင်းရှိ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေကြောင်း ရေစကြို ပကဖ တာဝန်ရှိသူက ဆိုသည်။

၎င်းက “ မနေ့ ည (အောက်တိုဘာ ၁၁ ရက်နေ့) ညပိုင်းက ရေစကြို ဆိပ်ကမ်းကနေ မြစ်အရှေ့ဘက်ကို မော်တော်တွေနဲ့ ကူးသွားပြီး အခုရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေပြီ” ဟုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားရာ ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တခုက သွားရောက်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ ဝင် သုံးဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required