စစ်ရှောင်ကလေးငယ် ၂၆,၀၀၀ ပညာသင်စရိတ်အတွက် မြေပြင်အဖွဲ့အစည်း ၂ ခုပူးပေါင်းဆောင်ရွက်

By ဂန္ဒမာ(မဇ္ဈိမ)
20 September 2023
စစ်ရှောင်ကလေးငယ် ၂၆,၀၀၀ ပညာသင်စရိတ်အတွက် မြေပြင်အဖွဲ့အစည်း ၂ ခုပူးပေါင်းဆောင်ရွက်
ပုံအညွှန်း - ယောဒေသရှိစစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနေပုံ

မကွေးတိုင်း ၊ ယောဒေသရှိ စစ်ရှောင်ကလေးငယ် ၂၆,၀၀၀ ကျော်အတွက် တနှစ်တာ ပညာသင်စရိတ်ထောက်ပံ့ရန် Save For Yaw နှင့် ANTS-ပုရွက်ဆိတ်များ(ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်း)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ပုံအညွှန်း - ယောဒေသရှိစစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနေပုံ

"ဂန့်ဂေါ၊ ထီးလင်း၊ ဆောစတဲ့ ယောဒေသမှာရှိတဲ့ စစ်ဘေးသင့်ကလေးများပညာသင်ကြားရေးအတွက် လိုအပ်တဲ့ စာရေးကိရိယာများ ကူညီထောက်ပံ့နိုင်ဖို့ ဆရာ၊ ဆရာမအင်အားတွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ တနှစ်ပတ်လုံးစာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းသုံးစာအုပ်၊ နေရာထိုင်ခင်းစတာတွေ ကူညီထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်ပြီး စတင်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။' ဟု ANTS - ပုရွက်ဆိတ်များအဖွဲ့မှ မလီလီ က ပြောသည်။

ပုံအညွှန်း - ယောဒေသရှိစစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနေပုံ

ယောဒေသရှိ စစ်ရှောင်ကလေးများသည် ကြားကာလပုံမှန်အတန်းတင်ပညာရေး(Formal Education) နှင့်ဝေးကွာနေသည်မှာ ကိုဗစ်ကာလ တနှစ်နှင့် အာဏာသိမ်းကာလ နှစ် နှစ် ၊ ပေါင်း သုံးနှစ်ကျော်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း - ယောဒေသရှိစစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနေပုံ

ထို့ကြောင့် ပထမအစီစဥ်တခုအနေဖြင့် ယောဒေသ သုံးမြို့နယ်လုံးက အမှန်တကယ်လိုအပ်နေသည့်ကျောင်းများကို စာအုပ် ၊ဘောပင် ၊ခဲတံ နှင့်သင်ကြားရေးအတွက် လိုအပ်သောအသုံးဆောင်တွေလှူဒါန်းခြင်း ၊  ဒုတိယအစီစဥ်အနေဖြင့် တမြို့နယ်စီ၌ တကျောင်းစီရွေးပြီး အရွေးခံရသည့် စာသင်ကြောင်းကို ဆရာဆရာမအရေတွက် ပြည့်မီအောင်ငှားပေးခြင်း ၊  တနှစ်စာ လည်ပတ်နိုင်အောင်လိုအပ်သည့် အပိုင်းကဏ္ဍများကို သက်ဆိုင်ရာ အဖွဲ့များနှင့်တိုင်ပင်ဆွေးနွေးပြီး ကျောင်းအတွက် လိုအပ်သည်များကို ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

ယောဒေသခံတဦးလည်းဖြစ် Save For Yaw အဖွဲ့၏ တာဝန်ခံလည်းဖြစ်သော ကိုယောက လက်ရှိ ယောဒေသ၏ ပညာရေးအခြေအနေကို ယခုလိုပြောသည်။

"လက်ရှိယောဒေသမှာ မြို့ပေါ်တွေကလွဲရင် ကျေးရွာတွေအားလုံးဟာ NUG ပညာရေးကျောင်းတွေမှာ သင်ကြားနေကြရပါတယ် ၊ NUG ပညာရေးကျောင်းတွေဟာ စဥ်ဆက်မပြတ်ပညာရေးပဲ ပညာသင်ကြားနိုင်တဲ့အခြေအနေဖြစ်ပြီး ဆရာဆရာမလိုအပ်ချက်တွေနှင့် အခြားအခက်အခဲတွေကြောင့် စစ်အာဏာမသိမ်းခင်ကလို သင်ကြားနေတဲ့ ပုံစံလိုတော့ မသင်နိုင်သေးပါဘူး။ COVID ကြောင့်ရော၊ စစ်အာသိမ်းမှုကြောင့်ရော၊ ပညာရေးမလည်ပတ်နိုင်တဲ့ ကျနော်တို့ယောဟာ စစ်ဘေးဒဏ်လည်းခံရ ၊ မီးရှို့လည်း ခံရမှုတွေကြောင့် ဒေသတခုလုံး ဘက်ပေါင်းစုံက ချွတ်ခြုံကျလာတာကြောင့် ပညာရေးအတွက် အထူးစိုးရိမ်ရတဲ့ အခြေနေလို့ ပြောလို့ရပါတယ်ဗျ။" ဟု ပြောသည်။

ပုံအညွှန်း - ယောဒေသရှိစစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနေပုံ

မကွေးတိုင်းရှိ မြို့နယ် ၂၅ မြို့နယ်၌ ၁၈ မြို့နယ်မှာ စစ်ကောင်စီပညာရေးတွင် အားလုံးနီးပါးလည်ပတ်နေပြီး NUG ပညာရေးလည်ပတ်သော ယောနယ်တွင် ကြားကာလပုံမှန်အတန်းတင်ပညာရေး မလည်ပတ်နိုင်သေးသဖြင့် စစ်‌ေရှာင်ကလေးများ၏ ပညာရေးနှင့် အနာဂတ်တွင် ဒေသအတွက် အများကြီးစိုးရိမ်စရာရှိကြောင်း ကိုယောက ဆက်ပြောသည်။

ယောဒေသရှိ စစ်ရှောင်ကလေးငယ်များအား လက်ရှိအနေအထားတွင် အတန်းသင်ပညာရေးကို ကူညီပေးဖို့လုပ်ဆောင်နေပြီး နောက်ပိုင်းတွင် ကလေးများနှင့် နေရာဒေသနှင့်ကိုက်ညီအသုံးဝင်မည့် သင်တန်းများစီစဥ်ပေးရန် စိတ်ကူးထားကြောင်း သိရသည်။ သို့သော် ယောဒေသသည် အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် အွန်လိုင်းသင်ကြားရေးမလုပ်ဆောင်နိုင်ဘဲ မြေပြင်သင်ကြားရေးသာလုပ်ဆောင်နေရကြောင်း ဆိုသည်။

ပုံအညွှန်း - ယောဒေသရှိစစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနေပုံ

ယောဒေသရှိ စစ်ရှောင်ကလေးငယ်များ စစ်ကျွန်ပညာရေးအောက် မရောက်ရှိရန် ကျောင်းသားမိဘများနှင့် စာသင်ကလေးများမှ NUG ပညာရေးအား ယုံကြည်မှုရရှိအောင် တည်ဆောက်ရန်လိုအပ်ပြီး စစ်ရှောင်ပညာရေးကို ဝိုင်းဝန်းကူညီပေးကြရန်လိုအပ်ကာ ယခုတွင် Save For Yaw နှင့် ANTS - ပုရွက်ဆိတ်များ(ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်း)မှ ပူးပေါင်းဆောင်ရွက်နေသော  " ယောစစ်ရှောင်ပညာရေး အားလုံးဝိုင်းလို့ ကူညီပေး " ကျပ်သိန်း ၅၀၀ တလတာ ရှာ‌ဖွေမှုကမ်ပိန်းတွင်လည်း ပါဝင်ပေးကြရန် တောင်းဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly