နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်ကို မြင်နေရပြီလား | သတင်းသုံးသပ်ချက်

By လုံးကြီးတင်
14 February 2023
နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်ကို မြင်နေရပြီလား | သတင်းသုံးသပ်ချက်

နွေဦးတော်လှန်ရေး ၃ နှစ်တာကာလထဲ ဝင်ရောက်လာချိန်မှာ တိကျတဲ့ နိုင်ငံရေးရလဒ်တွေ ရအောင် လုပ်ရတော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလက အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် ထူးထူးခြားခြား တွေ့မြင်ခဲ့ရတာကတော့ အခုလက်ရှိအချိန်မှာ ဖက်ဒရယ်ရေးအတွက် အားလုံးသော အင်အားစုတွေအနေနဲ့ စိတ်ဆန္ဒဇော ထက်သန်ပြင်းပြမှု ရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်တယ်လို့ ယာယီသမ္မတကြီးက ဆိုပါတယ်။

ဒါဟာ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေး ဘုံသဘောတူညီချက်၊ နိုင်ငံရေး ဘုံရည်မှန်းချက်မှာ အားလုံး စုစည်းလာကြတယ်ဆိုတာကို အထင်အရှားပြနေတာ ဖြစ်ကြောင်းလည်း ယာယီသမ္မတကြီးက သုံးသပ်လိုက်ပါတယ်။

မြန်မာပြည်သူ တစ်ရပ်လုံးဟာလည်း လက်နက်အင်အားကြီးမားတဲ့ အကြမ်းဖက် စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ စိတ်ဆန္ဒပြင်းပြနေပြီး လွတ်လပ် တရားမျှတတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်ချင်တဲ့ ဆန္ဒတွေ ကိုယ်စီ ရှိနေတယ်ဆိုတာ သိသာနေပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ရှုံးပွဲတွေဆက်တိုက် ရင်ဆိုင်နေရပြီး ပြည်သူလူထုကို ညှဉ်းပမ်းနှိပ်စက်တဲ့ နည်းနဲ့ အနိုင်ယူဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါပေမယ့် စစ်ကောင်စီဟာ နိုင်ငံတကာ မျက်နှာစာမှာ အစိုးရတစ်ရပ်အနေနဲ့ တရားဝင်ဖြစ်မှုကို ဘယ်လိုမှ မရနိုင်တော့ဘူးဆိုတာလည်း သိရှိထားရပါမယ်။

အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုမှု ခံရပြီ ဆိုတာနဲ့ စစ်ကောင်စီဟာ အလိုလိုနေရင်း သူကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြန်လည် ပေးဆပ်ရတော့မယ်ဆိုတာ ပြည်သူလူထုက သိရှိထားဖို့ လိုအပ်ပါတယ်။ ဒီအချိန်ဟာလည်း ရောက်လာဖို့ မဝေးတော့ဘူးဆိုတာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ပြည်သူလူထု၊ တိုင်းရင်းသားမဟာမိတ်တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ တစ်စုံလုံး ပြိုင်ပြီး အရင်ထက်ပို ရုန်းရတော့မှာ ဖြစ်ပါတယ်။ ရုန်းနေကြတာလည်း မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပိုပိုပြီး စနစ်ကျလာတဲ့၊ ညီညွတ်လာတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ မြေပြင်တိုက်ပွဲတွေမှာ အရှုံးကြီးရှုံးနေတဲ့အတွက် လက်နက်မဲ့ ပြည်သူတွေကို မဲမဲမြင်ရာ ရမ်းကားနေတာလည်း အများအသိ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က CDM တပ်သားတွေလည်း ပြည်သူ့ရင်ခွင်ကို တဖွဲဖွဲခိုဝင်လာတာ ရှိနေပါတယ်။

အကြောင်းကြောင်းကြောင့် CDM မလုပ်နိုင်တဲ့သူတွေဟာလည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကို နည်းမျိုးစုံနဲ့ သတင်းတွေပေးပို့နေတာကြောင့် စစ်ကောင်စီဘက်က လျှို့ဝှက်သတင်းတွေ မကြာခဏ ပေါက်ကြားနေလို့ စစ်ခေါင်းဆောင်ကိုယ်တိုင် သတင်းမပေါက်ကြားရေးအတွက် မကြာခဏ သတိပေးနေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

စစ်ရေးမှာ အရေးနိမ့်လာတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးအရ၊ သံတမန်ရေးအရ အရေးနိမ့်ရုံတင်မကဘဲ လုံးဝ ရှုံးနိမ့်နေတာ မြင်တွေ့ရပြန်ပါတယ်။ နိုင်ငံတကာနဲ့ ကုလသမဂ္ဂက အမျိုးသားညီညွတ်ရေး အစိုးရနဲ့ များများ ထိတွေ့ဆက်ဆံဖို့ ပြောနေ လုပ်နေတဲ့ အချိန်မှာ စစ်ကောင်စီကတော့ အာဆီယံနိုင်ငံတွေနဲ့တောင် သံတမန်ရေး အခြေအနေ မကောင်းတော့ပါဘူး။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဝါရှင်တန်က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးရုံးဖွင့်ပွဲကို အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့တယ်ဆိုတဲ့ သတင်းထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

အမေရိကန်အစိုးရအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံတဲ့မူကို ဆက်လက်ကိုင်စွဲ ထားကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းလည်း အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီးက အဲဒီ ရုံးဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ယူကေ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တွေ့ဆုံခဲ့ပြီး မြန်မာပြည်အရေးနဲ့ စပ်လျဉ်းလို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ရပ်တံ့အောင် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်တွေ အပါအဝင် လူနည်းစုလူမျိုးများအရေးနဲ့ တခြားသော ကိစ္စရပ်တွေ ဆွေးနွေးခဲ့တဲ့သတင်းကို အများ မြင်တွေ့ခဲ့ရပြီ ဖြစ်ပါတယ်။

ဒါဟာ ဘာကို ပြသနေလဲဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံကြီး နှစ်နိုင်ငံက အဝေးရောက်အစိုးရတစ်ရပ်ကို တစ်နည်းတစ်ဖုံ အသိအမှတ်ပြုတယ်လို့ ကမ္ဘာကို သိစေတာပဲ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ အရှုံးနဲ့အနိုင်ကတော့ မြင်သာနေပါပြီ။ အထိနာသူတွေလည်း နာကျင်ခံစားခဲ့ရပါပြီ။ ပြည်သူတစ်ရပ်လုံးအနေနဲ့ အနိုင်ဘက်ကို ရောက်ရှိနေချိန်မှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောသလို ပန်းတိုင်ကို မြင်တာနဲ့ တက်မထောင်တာမျိုး မလုပ်မိဖို့နဲ့ သတိရှိရှိနဲ့ ပန်းတိုင်အထိ ရောက်အောင် သွားဖို့လိုအပ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required