ပရမ်းပတာ ဖားကန့် (ဆောင်းပါး)

ပရမ်းပတာ ဖားကန့် (ဆောင်းပါး)

မဇ္ဈိမ။ ။ လက်ရှိ ဖားကန့်၏ အခြေအနေကို ပရမ်းပတာ ဖားကန့်ဟုသာ နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်ထားသည်။

၂၀၂၁ ခုနှစ် စစ်ကောင်စီတပ်က အာဏာသိမ်းလိုက်သည့် နိုင်ငံရေး အပြောင်းအလဲဖြစ်လာပြီးနောက် ဖားကန့်၏ ဒေသတွင်း တရားဥပဒေစိုးမိုးရေးမှာ ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။

လက်ရှိတွင် ကျောက်ကုမ္ပဏီအများစုက လုပ်ငန်းများရပ်နားထားကြသော်လည်း ယင်းဒေသ တူးဖော်ရေးစက် များက မနားကြသေးပေ။ ကျောက်စိမ်း ထွက်နိုင်သည့် "ကြော"မှန်သမျှ အလုအယက်တူးနေကြသည်ကို အားလုံးအသိပင် ဖြစ်သည်။

"ဒါတွေလုပ်နိုင်ဖို့ဆိုတာက ဖားကန့်ဒေသတွင်းက မည်သည့် လက်နက်ကိုင်အဖွဲ့အားလုံးနှင့်မဆို ပတ်သက်ရသည်"ဟု ကျောက်စိမ်းလုပ်ငန်းနှင့် နီးစပ်သည့်သတင်းရင်းမြစ်များက မှတ်ချက်ပြုသည်။

“အခုကသက်တမ်းရှိ လုပ်ကွက်တွေကတော့ ၂၀၂၁ ခုနှစ် မတ်လမှာ အားလုံးကုန်ပြီ။ ဒီကာလမှာသက်တမ်းရှိခြင်း၊ မရှိခြင်းက အရေးမပါတော့ဘူး။ ဘယ်သူမှလည်း မစိစစ်ဘူးလေ။ ခိုးကျင်းဆိုပေမဲ့ ဘက်ဟိုး ငါးစီး လောက်ပါမှ လုပ်ငန်းတွင်တာလေ။ စက်ပစ္စည်းတွေကတော့ ကုမ္ပဏီတွေစီကပဲ ရတာပေါ့”ဟု ဌာနေဒေသခံ သတင်းရင်းမြစ်ဖြစ်သည့် ကိုနော်နော်က ပြောသည်။

ဖားကန့်ဒေသသည် ကချင်ပြည်နယ်တွင် ရွေ့ပြောင်းနေ ထိုင်သူအများဆုံးရှိသည့် ဒေသတစ်ခုလည်း ​ဖြစ်သည်။ ထိုသို့ ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင်တွင် နှစ်သိန်းဝန်းကျင်မှာ ကျောက်ရှာဖွေကာ အသက်မွေးနေကြရခြင်းဖြစ်သည်။

- အသက်ဝင်နေဆဲ ဖားကန့်ကျိန်စာ

လက်ကျင်းခေတ်၊ ရေငုပ်ကျင်းခေတ်၊ ခေါက်စာခေတ်၊ ဖက်စပ်ခေတ်၊ ယန္တရား( ငယ်/ကြီး )ခေတ် ဟု ဖားကန့်ဒေသကို ခေတ်ခွဲခြားခဲ့ကြသည်။ခေတ်ကာလများကို မတူညီမှုပေါင်းများစွာဖြင့် ဖြတ်ကျော်ခဲ့ကြသည်ဟု သတင်းရင်းမြစ်များက ဆိုကြသည်။

သို့သော် ခေတ်တိုင်းတွင် တူညီနေသည့်တစ်ခုမှာ ကျောက်စိမ်းတူးဖော်ရာ၌ အသက်ပေါင်းများစွာ သေဆုံးနေရခြင်းပင် ဖြစ်သည်။

၂ဝဝဝပြည့်နှစ်နောက်ပိုင်းတွင် ကျောက်စိမ်း လုပ်ကွက်များကို စက်ယန္တရားကြီးများ အလွန်အကျွံ အသုံးများလာပြီးနောက် ကုမ္ပဏီမြေစာပုံတွင် ကျောက်စိမ်းအကျန် (ရေမဆေးကျောက်)များ ရှာဖွေသူများသည် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသည်။

လူပေါင်းသိန်းချီသည့် ကျောက်မျက်ရှာဖွေ သူများက ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံ၌သာ မှီတည်နေကြရသည့် ဘဝများဖြစ်လာကြပြီး မြေပြိုကျင်းပိသေဆုံးသူများမှာ ရွှေ့ပြောင်းလုပ်သား ရေမဆေးသမားများ ဖြစ်လာကြတော့သည်။

ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်၊ ဆွတ်အောင် ကျေးရွာအနီးရှိ ဆန်ခါမြေစာပုံသည် နှစ်ဖာလုံခန့် လျှောကျခဲ့ပြီး အောက်ရှိ ရေမဆေးကျောက် ရှာဖွေသူများ၊ စျေးရောင်းသူများ နေထိုင်နေသည့် တဲ ၇၀ ကျော်ခန့် မြေစာပုံအောက် ရောက်ရှိသွားခဲ့သည်။

ထိုဖြစ်စဥ်တွင် တရားဝင်စာရင်းအရ ပျောက်ဆုံးသူ ၁၃၀ဦး ရှိပြီး၊ ၁၁၄ ဦး၏ ရုပ်အလောင်းများသာ ပြန်လည်ရရှိခဲ့သည်ဟု အချက်အလက်မှတ်တမ်းများအရ သိရသည်။ ထိုရုပ်အလောင်းများထဲမှ ၈၄ ဦးသာ ပိုင်ရှင်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

ထိုဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဖားကန့်ဒေသတွင်း ကျောက်စိမ်း အလွန်အကျွံ တူးဖော်နေမှုများကို ဝေဖန်ထောက်ပြ လာကြသည်။ တရားမဝင် ယန္တရားကြီးများ တင်သွင်းမှုကို စိစစ်လာခဲ့ကြသည်။

တရားမဝင်ယန္တရားများကို စုံစမ်းစစ်ဆေးမှုက လူထုအတွက် ကျေနပ်အားရမှု မရှိသော်လည်း အရေးယူမှုများ ပြုလုပ်လာခဲ့​ကြ​သည်။ မြေစာပုံများကို စနစ်တကျ ပုံကြရန် စီစဉ်လာကြသည်။

ပထမစံချိန်ကိုချိုးခဲ့သည့် မြေပြိုမှုမှာ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက် နံနက် ၆ နာရီကျော်တွင် ဝှေခါကျေးရွာ၊ ရပ်ကွက် (၆) ၊ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ (ဒေသအခေါ် တစ်သုံးလုံးကုမ္ပဏီ) ကျင်းကမ်းပါး ပြိုကျမှု ပင်ဖြစ်သည်။

လူပေါင်း ၁၇၂ ဦး အထိ စံချိန်တင် သေဆုံးခဲ့ပြီး ၅၄ ဦးဒဏ်ရာရရှိကာ ၁၉ ဦး ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ကျင်းဟောင်းအတွင်းသို့ အဝေးတစ်မိုင်ခန့်မှ အမြင့်ပေ ၂,၀၀၀ ခန့်ရှိ ကမ်းပါးကြောပြတ်ကျကာ ရေလှိုင်းလုံးကြီးများဖြင့် တစ်ဖက်ကမ်းမှ ကျောက်တူးသူများကို ရိုက်ချလိုက်ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင် သေဆုံးသူအများစုကို ပြန်လည် ရရှိခဲ့သည်။

အစိုးရက စုံစမ်းရေးကော်မတီဖွဲ့ စုံစမ်းခဲ့ပြီး ရေမဆေးလောပန် ၁၃ ဦးကို အမှုဖွင့်ခဲ့သည်။ မြေပြိုရသည့် အကြောင်းရင်းမှာ ဂျန်းနစ်ပတ် (ဒေသအခေါ် ကျောက်ပုတ်)ကြောဖြစ်ခြင်းကြောင့် မြေပြိုလွယ်ခြင်း၊ မိုးရေချိန် လက်မ ၃၀ ကျော် ရွာသွန်းခဲ့ခြင်း၊ သတိပေးမှုများ၊ ဆိုင်းဘုတ်များ ရှိသော်လည်း တရားမဝင် ခိုးတူးသူ များပြားနေခြင်း၊ လုပ်ကွက်အနေဖြင့် သတ်မှတ်ကာရံထားသော ခြံစည်းရိုး မရှိခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကော်မတီက သုံးသပ်ခဲ့သည်။

ပြည်သူများကလည်း ကျောက်မျက်တူးဖော်ထိန်းချုပ်မှု အားနည်းခြင်း‌အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ဦးသိန်းစိန် အစိုးရလက်ထက် သတ္တုတွင်း ဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိကကုမ္ပဏီ ၈၀၈ ခု၊ တစ်ဧက လုပ်ကွက်ပေါင်း ၁၅,၆၃၈ ကွက်၊ အကျိုးတူ ကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက် ရှိခဲ့သည်။

NLD အစိုးရလက်ထက်တွင်မူ လုပ်ကွက်ကြီးစုပေါင်းကာ စပ်တူလုပ်ငန်းများကို ပိတ်ပင်ပြီး၊ ငါးဧကလုပ်ကွက်နှင့် တစ်ဧက လုပ်ကွက်သာ ထားရှိရန် ပြင်ဆင်ခဲ့သည်။ တစ်ဧကလုပ်ကွက် ၃၀၀ ကျော်ကို အိတ်ပိတ် တင်ဒါစနစ်ဖြင့် ရောင်းချရာတွင် လုပ်ကွက် ၁၀၀ ကျော် ရောင်းချထားရသည်။ လူအင်အား၊ စက်အင်အား အနည်းငယ်ဖြင့် တူးဖော်စေလိုပြီး နောင်လာနောက်သားများအတွက် ကျန်ရှိစေရန် ရည်ရွယ်၍ လုပ်ကွက်ကြီးများကို ပိတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သည့် သတင်းရင်းမြစ်များက အခိုင်အမာဆိုကြသည်။

ဝှေခါမှော် မြေပြိုသေဆုံးမှုနောက်ပိုင်း သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး ကော်မတီခြောက်ခုဖွဲ့ကာ အပတ်စဉ် ကင်းလှည့်ဆောင်ရွက်ပြီး အစိုးရအဖွဲ့ကို အစီရင်ခံရန် ဖြစ်သည်။ လက်ရှိအချိန်တွင် ယခုကဲ့သို့ ဖားကန့်နှင့် ပတ်သက်ပြီး စီမံခဲ့သည့် လုပ်ငန်းအားလုံးသည် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် လုံခြုံရေးအခြေအနေကြောင့် သဲထဲရေသွန်သကဲ့သို့ ဖြစ်နေရပါတော့သည်။

ဖားကန့်တွင် စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များ ကျင့်သုံးနေသည့် ကျောက်စိမ်းကဏ္ဍအပေါ် ထိန်းချုပ်မှုများက ဥပဒေကင်းမဲ့ပြီး သတ္တုတွင်းများအနီး နေထိုင်လုပ်ကိုင်သူများအတွက် အန္တရာယ်ဖြစ်ပွားနိုင်ခြေ မြင့်မားသော ပတ်ဝန်းကျင်တစ်ရပ်ကို ပေါ်ပေါက်လာစေခဲ့သည်ဟု Global Witness အဖွဲ့၏ ‘ကျောက်စိမ်းနှင့် ပဋိပက္ခ၊ မြန်မာ့အဆိုးသံသရာ’ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် NLD ပါတီ အစိုးရ၏ ကျောက်စိမ်းတူးခွင့် လိုင်စင်သက်တမ်း ရပ်ဆိုင်းမှုကြောင့် မြေပြင်တွင် အချိန်တိုအတွင်း ကျောက်စိမ်း အများအပြား တူးဖော်နိုင်ရန် ကြိုးစားလာခြင်းများက ကျောက်တူးသမားများ၏ ဘဝကို အန္တရယ်တွင်းထဲသို့ ပို့ဆောင်စေခဲ့သည်။

ကုမ္ပဏီများသည် လိုင်စင်သက်တမ်း မကုန်မီ နေ့ရောညပါ တူးဖော်လာကြခြင်းကြောင့် တူးဖော်ရာမှ ထွက်ရှိလာသည့် မြေစာများကို စနစ်တကျပင် စွန့်ပစ်ကြခြင်းမရှိတော့ဘဲ လုပ်ကွက်အနီးတွင်ပင် စွန့်ပစ်ကြတော့သည်။ ထိုမှတစ်ဆင့် ကြီးမား သောမြေပြိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။

NLD ၏ သယံဇာတ ပြုပြင်ပြောင်းလဲရေး အစီအစဉ် မအောင်မြင်ခြင်းသည်လည်း အဆိုပါ အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့သည်။

ကျောက်စိမ်းတူးဖော်နေသော ကုမ္ပဏီများသည် လိုင်စင်သက်တမ်းကုန်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ဧရာမတွင်းကြီးများကို အလွယ်တကူပင် စွန်ပစ်ခဲ့ကြသည်။

တရားမဝင် စွန့်ပစ်ထားသော မြေစာများနဲ့ မုတ်သုံမိုးတို့ ပေါင်းစပ်သွားသည့်အခါ အဆိုပါတွင်းကြီးများက မတော်တဆဖြစ်ရပ်များ ဖြစ်ပွားမည့်အချိန်ကို စောင့်ဆိုင်းနေသော မကောင်းဆိုးဝါးများသဖွယ် ဖြစ်နေသည်။

၂၀၁၆ ခုနှစ်တွင် ကျောက်စိမ်းတူးဖော်ရေးလိုင်စင် သက်တမ်းတိုးခြင်းကို ရုတ်သိမ်းခဲ့သော်လည်း ယခင်နှစ်များထက်ပင် ကျောက်စိမ်းတူးဖော်မှုများ မြင့်တက်လာခြင်းသည် NLD လက်ထက် ကျောက်စိမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှု မအောင်မြင်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

အဆိုပါ အားထုတ်မှုများ မအောင်မြင်ခဲ့ရသည့် အဓိကအကြောင်းရင်းသည် ကျောက်စိမ်းလုပ်ငန်းအပေါ် ထိန်းချုပ်ထားသော စစ်တပ်နှင့်ဦးပိုင်ကဲ့သို့ အမြစ်တွယ်နေသည့် အကျိုးစီးပွားပတ်သက် ဆက်နွယ်သူများ၏ ပြင်းထန်သော ဆန့်ကျင်မှုများကြောင့်ဟု ဆိုလျှင် မှားမည် မဟုတ်ပေ။

ဦးပိုင် အပါအဝင် စစ်တပ်ပိုင် ကုမ္ပဏီများသည် ၎င်းတို့၏ ကျောက်စိမ်းတူးခွင့် လိုင်စင်သက်တမ်း ကုန်ဆုံးသွား‌ သော်လည်း လက်ရှိအချိန်ထိ ဥပဒေမဲ့စွာ ပြုကျင့်လျက် ကျောက်စိမ်းများကို ဆက်လက် တူးဖော်နေဆဲ ဖြစ်သည်။

စစ်တပ်အနေနဲ့ ၄င်းတို့၏ အမည်ဆိုးကို အသုံးပြုပြီး လိုင်စင် သက်တမ်းကုန်နေသော ပုဂ္ဂလိက ကျောက်စိမ်တွင်းတွေများတွင်လည်း ဥပဒေမဲ့ အကျိုးတူ တူးဖော်ခြင်းများကို လုပ်ကိုင်နေပြန်သေးသည်။

လက်ရှိ ဖားကန့်ဒေသ၏ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် မြေပြိုမှုများ မြင့်တက်လာခြင်းနှင့် အာဏာသိမ်းပြီးနောက် ယိုယွင်းလာသော ဥပဒေစိုးမိုးရေးအခြေအနေများက ဖားကန့်ရှိ ရေမဆေးကျောက်တူးသမားများ နှင့် စားဝတ်နေရေးအရရောက်ရှိလာသူများအား ပိုမိုခက်ခဲသော အခြေအနေသို့ ရောက်ရှိလာစေခဲ့သည်။

အချုပ်အားဖြင့် ဖားကန့် ကျောက်စိမ်းတူးဖော်ခြင်းများမှ နိုင်ငံတော်အတွက် အကျိုးအမြတ် အနည်းငယ်သာ ရရှိနေခြင်း၊ အရည်အသွေးမြင့် ကျောက်စိမ်းထွက်ရှိမှု၏ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံသို့ ပို့နေသည့် တရားမဝင် မှောင်ခိုဈေးကွက်ကို မထိန်းချုပ်နိုင်ခြင်း၊ စစ်တပ်ပိုင် နှင့် စစ်ဗိုလ်ချုပ်များ ပိုင်ဆိုင်သော ကုမ္ပဏီများက မာဖီးယားဂိုဏ်းဆန်ဆန် တရားမဝင်တူးဖော်နေခြင်းများကို မဟန့်တားနိုင်ခြင်း၊ စစ်တပ်အပါအဝင် လက်နက်ကိုင်ပေါင်းစုံ ကျင်လည်နေခြင်းများကြောင့် လုံခြံမှုအလျင်း မရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာပျက်စီးဆုံးရှုံးနေခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုများ အဆမတန် မြင့်တက်နေခြင်းတို့ကြောင့် မြန်မာ့ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများသည် ကျိန်စာသင့်နေသည့် ဖုန်းဆိုးမြေသဖွယ် ဖြစ်နေတော့သည်။

လက်ရှိတွင် ဖားကန့်အပါအဝင် မြန်မာ့ သဘာဝသယံဇာတ တူးဖော်ရေး လုပ်ငန်းတစ်ခုလုံးသည် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေပြီး၊ ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ အမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်နေသည်။

သို့သော် ထိုသို့ ပြုပြင်ပြောင်းလဲရန် ကြိုးစားသည့် မည်သည့်လုပ်ရပ်ကိုမဆို မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက် အာဏာသိမ်း စစ်တပ်က ငြင်းဆန် ပယ်ချနေသည်။

စစ်တပ်ကို မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမှ မဖယ်ထုတ်နိုင်မချင်း စစ်တပ်နှင့်အပေါင်းအဖော်များအနေဖြင့် တရားမဝင် ကျောက်စိမ်းတူးဖော်ခြင်းများမှ အကျိုးအမြတ်များစွာဆက်လက် ရရှိနေဦးမည်ဖြစ်ပြီး ကျောက်စိမ်းလောက အပါအဝင် သယံဇာတကဏ္ဍတစ်ခုလုံးသည် အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှု၊ ပဋိပက္ခများနှင့် ပြည့်နှက်နေသော ဒုစရိုက်မြေအဖြစ် ဆက်လက် ရှိနေဦးမည်မှာ မလွဲဧကန် ပင် ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required