အင်းတော်မြို့တွင် NUG၊ PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး ပြည်သူ ၃ဦးကိုဖမ်းဆီး

By ကိုခင်မောင်
27 January 2023
အင်းတော်မြို့တွင် NUG၊ PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး ပြည်သူ ၃ဦးကိုဖမ်းဆီး

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ပေါ်ရှိ ဒေသခံပြည်သူ သုံးဦးကို အမျိုးသားညီညွတ်ရေးအစိုးရ( NUG) လက်အောင်ရှိ စာသင်ကျောင်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များအား ထောက်ပံ့သည်ဟုစွပ်စွဲပြီး စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း Indaw Revolution- IR ထံမှသိရသည်။

အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက်ရှိ “သားချော” စာရေးကိရိယာဆိုင်မှ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စာသင်ကျောင်းများသို့ ဗလာစာအုပ်များနှင့် စာရွက်စာတမ်းပစ္စည်းများ လှူဒါန်းနေသည်ဟုဆိုကာ ဇန်နဝါရီ ၂၃ရက်နေ့ နံနက် ၇နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းကာ ဆိုင်ပိုင်ရှင် ဦးချစ်ကိုကို(ခ) ဦးဖိုးစီအား ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု IR-Team တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် “သားချော” စာရေးကိရိယာဆိုင်ခန်းမှ ရောင်းရန်ထားရှိသည့် စာရေးကိရိယာပစ္စည်းအစုံကိုလည်း စစ်ကောင်စီတပ်သားများမှ သိမ်းဆည်းသွားကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီ ၂၄ရက်နေ့ နံနက် ၉နာရီအချိန်တွင်လည်း အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဒေါ်သစ်ဆုံ စားသောက်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးမြဝင်း(ခ)ကံထူးအောင်နှင့် ဇနီးဖြစ်သူ စန်းစန်းကြည်(ခ)ဒေါ်သစ်ဆုံတို့ကို စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားကြောင်း သိရသည်။

ဒေါ်သစ်ဆုံစားသောက်ဆိုင်ပိုင်ရှင်နှင့် ဇနီးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ဆက်နွယ်ပတ်သက်နေသည်ဟု ရဲတပ်ဖွဲ့ဝင်များမှ စွပ်စွဲပြောဆိုပြီး အင်းတော်ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရသော ဒေသခံပြည်သူ သုံးဦးကို အင်းတော်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသော်လည်း မဇ္ဈိမအနေဖြင့် အဆိုပါဖမ်းဆီးမှုနှင့် ပတ်သက်သည့် နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required