နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၈ နိုဝင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၈ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများကနေ အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (၃) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အချက် ၅ ချက်ကို ထုတ်ပြန်တောင်းဆိုလိုက်သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ကျေးရွာ(၆)ရွာမှာ အသက် ၆ လ အထက်ကလေး ငယ်များနှင့် ၆ လအထက် ကိုယ်ဝန်ဆောင်မိခင်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနက ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်ရဲ့ တောင်ပေါ်ဒေသစစ်ဘေးရှောင် အိမ်ထောင်စု (၁၇ )စု အတွက် စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပင်လည်ဘူးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က မနေ့က သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၄၄/၂၀၂၃)ကို နိုဝင်ဘာ ၇ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်ရေးအတွက် ဘဏ္ဍာရေးလှိုင်းတခုအဖြစ် အကောင့် တစ်သိန်း ကမ်ပိန်းတွင်  နိုဝင်ဘာ (၇) က နွေဦးဘဏ်အကောင့်ဖွင့်သူ ၄၀၀၀၀ ပြည့်မြောက်ပြီး ၄၀% ခရီး ရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တိုင်းရင်းဆေးရုံ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Federal Wings က ယမန်နေ့တွင် ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုနှင့် အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုင်းရင်းသားမဟာမိတ်အင်အားစုများ မိတ်ဖက်အဖွဲ့ အစည်းများနှင့် တစိုက်မတ်မတ် လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ လက်တောင်းငယ်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီ အချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရပါသည်။

စစ်ကိုင်းတိုင်းမှ ပင်လည်ဘူးမြို့အား ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွ ယ်ရေး တပ်ဖွဲ့ PDF တို့က ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့ ညနေက တိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလံဖြူပြလက်နက်ချကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက မဇ္ဈိမကိုပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဒေသခံပြည်သူများက 'Operation 1027'ကို ထောက်ခံကြိုဆို ကြောင်း လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြည်သူ လူထုအား တော်လှန်ရုပ်ရှင်များ ပြသခဲ့သည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ယမားချောင်းကူးတံတားပေါ်တွင် ရွာပေါင်းစုံသပိတ် စစ်ကြောင်းက ဦးဆောင်၍ ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့်အတူ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ "၁၀၂၇ စစ်ဆင်ရေး"ကိုထောက်ခံကြောင်း ယနေ့ (နိုဝင်ဘာ ၈) နံနက်က ဆန္ဒပြခဲ့ကြသည်။
ချင်းတွင်းမြစ်ကြောင်းအတွင်းမှ စစ်ကောင်စီ၏ သင်္ဘောနှစ်စီးကို သိမ်းပိုက်နိုင်ခဲ့သည့် ကနီမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဒေသခံများက ဂုဏ်ပြုကြိဆိုခဲ့ကြသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ထားပြီးဖြစ်သည့် စစ်ကိုင်းတိုင်း ကောလင်းမြို့ တွင် နိုဝင်ဘာ ၇ ရက်နေ့က ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ် များကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုက်ပွဲအတွင်း အရပ်သားလေးဦးသေဆုံးမှုကို အတည်ပြု ထားနိုင် ကြောင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စစ်ကောင်စီ တပ်စခန်းများ​၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား လေးဦး သေဆုံး၍ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ် များထံက သတင်းရရှိသည်။

မြန်မာမြောက်ပိုင်းက တိုက်ပွဲများကြောင့် “အလွန်” စိုးရိမ်ပူပန်သည်ဟု တရုတ်နိုင်ငံက အင်္ဂါနေ့တွင် ပြောပြီး တရုတ်နိုင်ငံသားများကြား သေဆုံးထိခိုက်မှုများ ရှိစေသည့် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့် ဖြစ်ပွားခြင်းကို ပြစ်တင်ပြောဆိုသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားရာ စစ်ကောင်စီတပ် ဘက်က ခြောက်ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

မြန်မာစစ်တပ်ကို ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှု အသစ်များချမှတ်ရန် ဩစတြေးလျအစိုးရကို အရပ်ဘက် အဖွဲ့အစည်းလေးရာကျော်က တောင်းဆိုလိုက်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားရှိ စစ်ကောင်စီ၏ဂိတ်စခန်းအား ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

မြန်မာ- တရုတ်နယ်စပ်ဖြစ်သည့် မုံးကိုးနယ်စပ်ဂိတ်တွင် MNDAA က ကိုးကန့်အလံတော်ကို နိုဝင်ဘာ ၇ရက်က လွှင့်ထူ နိုင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီ တပ် ထိန်းချုပ်ထားသော  လောက်ကိုင်ဒေသကို ပြန်လည်ရရှိရေးအတွက် စစ်ရေးအရှိန်မြှင့် တင်မည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအနီးတဝိုက်က အကြမ်းဖက် စစ်တပ်ကို TNLAနှင့် မန္တလေး PDFသွားရောက်တိုက်ခိုက်ချေမှုန်းနေကြောင်း မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ဝင် တအာင်းတပ်မတော် TNLAက  ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဖယ်ခုံအခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၂၂) မှတပ်သား တဦး လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) တပ်ရင်းအမှတ် (၁၀၀၆) မှ ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်သည်။

ထိုင်း-ကရင်နီနယ်စပ်မြို့ဖြစ်သည့် မယ်စဲ့မြို့နယ်၊ ပန်တိန်းဒေသရှိ စစ်ကောင်စီ၏ နယ်ခြားစောင့် တပ် (BGF)ကာကင်း တပ်စခန်းကုန်း သုံးခုကို ကရင်နီပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ ကြောင်း KnIC မှ သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က စစ်ရေး‌ပြင်ဆင်မှုများဟာ ယခင်ကထက် ပိုမိုများပြား လာနေကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာလ ၄ ရက်နေ့က တရားဝင် သတင်းထုတ်ပြန် အသိပေးထားသည်။

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက်တွင် ထပ်မံတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ ကြောင်း ကိုးကန့်တပ်မတော်(MNDAA)ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက အသိပေးသည်။

စစ်ကောင်စီ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ ၎င်းတို့ အရာရှိထံ လေကြောင်းပစ်ကူတောင်းခံရာ ပစ်ကူမကြာမီ လာတော့မည်ဟု စစ်ကောင်စီ အရာရှိက လိမ်ညာပြောဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့ကို ပြန်ခံတိုက်ရန် ပြောကြားခဲ့ရာ ခုခံတိုက်ခိုက်သည့် ရဲများ သေဆုံးခဲ့ရသည်။

တရုတ်နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်သည့် နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေး စက်ရုံစီမံကိန်း ၃ခုကို သဘောတူစာချုပ် ချုပ်ဆိုခဲ့တယ်လို့ တရုတ်သံရုံး၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

နိုင်ငံတစ်ဝန်းရှိ ရှေ့တန်း စစ်မျက်နှာပြင်များတွင် စစ်သားများ သေဆုံးမှုများပြားနေသဖြင့် တပ်ရင်းတပ်ဖွဲ့များအားလုံးတွင် မဟာသမယသုတ်နှင့်ပရိတ်ကြီး ၁၁ သုတ်ကို ယတြာချေ၍ ရွတ်ဖတ်ခိုင်းသည့် စစ်ကောင်စီအမိန့် ညွှန်ကြားချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။

ရုရှား-မြန်မာ နှစ်နိုင်ငံ ငွေပေးချေမှုစနစ်အတွက် ရုရှား Evrofinance Mosnarbank နှင့် ပြည်တွင်း ပုဂ္ဂလိဘဏ်များ ချိတ်ဆက်လုပ်ဆောင်မည်ဟု ဗဟိုဘဏ်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်သည် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံ မှုရန်ပုံငွေအဖွဲ့၏ ညှိနှိုင်းရေးမှူးနှင့် ရုရှား နိုင်ငံသမ္မတလက်ထောက်နှင့် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး၏ အကြံပေးဖြစ်သူ မစ္စတာ ရှာတီရော့ဗ်ဆာဂေးဗလာဒီမီရိုးဗစ်ချ် ကိုလက်ခံတွေ့ဆုံကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင် နှင့် လာရောက်တွေ့ဆုံပြီး  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၈ ရက် သုံးသပ်ချက်

တော်လှန်ရေးအင်အားစုများမှ စခန်းများ မြို့များကို နေ့စဉ်သိမ်းနေသလို တိုက်ပွဲများတွင်လည်း စစ်ကောင်စိတပ်သားများ အသေများနေ၍ ယတြာများချေခိုင်းပြီး ပရိတ်ရွတ်ရန် ညွှန်ကြားနေရသည်ကို ကြည့်ပါက တပ်တွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုယွင်းနေသည်ဟု ဆိုရမည်ဖြစ်သည်။

တော်လှန်ရေးအရှိန်ကောင်းနေဆဲဖြစ်ပြီး ရရှိထားသည့် သတင်းအချက်အလက်များအရ နောက်ထပ် စစ်ကောင်စီ စိုးမိုးထားသည့် မြို့များကို တိုက်ခိုက်လာနိုင်ဖွယ်ရှိသည့်အတွက် စစ်ရေးပြင်းထန်လာ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly