NUG ပိုင်ဆိုင်သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ထုတ်ရောင်းမည်

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
15 November 2023
NUG ပိုင်ဆိုင်သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ထုတ်ရောင်းမည်

နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank - SDB) ၏ ၁၀ ရာခိုင်နှုန်းကို ထုတ်ရောင်း သွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်မှ ၂၇ ရက်နေ့ အထိကို အစုရှယ်ယာဝယ်ယူမှု  စာရင်းသွင်းကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

နွေဦးဘဏ်၏ ပြောရေးဆိုခွင့်ရှိသူ Calvin T က  “ကျနော်တို့ အစုရှယ်ယာဝင်တဲ့အခါမှာ သတ်မှတ်ချက်က ရှင်းရှင်းလေးပါပဲ။ SDB အကောင့်ဖွင့်ထားတဲ့ လိုအပ်ချက်ရှိတယ်။ နောက်တခုက အကောင့်ထဲမှာ ငွေရှိရ မယ်။ နိုင်ငံသားရော၊ နိုင်ငံခြားသားရော ကျနော်တို့ဆီမှာ သတ်မှတ်ချက်မရှိပါဘူး”ဟု မဇ္ဈိမကိုပြောသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်နေ့တို့တွင် ဖြန့်ဝေခြင်းလုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု သိရသည်။ အကောင့်ဖွင့်ထားသည့် နေရာမှလည်းကောင်း၊ နိုင်ငံပေါင်း ၂၂ နိုင်ငံတွင်ဖြန့်ထားသည့် နွေဦးဘဏ်၏ဆက်သွယ်မှုများမှ လည်း ကောင်း ရှယ်ယာများကို ဝယ်ယူနိုင်ကြောင်း သိရသည်။

နွေဦးဘဏ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏  ကြားကာလဗဟိုဘဏ်မှ    ဘဏ်လုပ်ငန်းနှင့် ငွေကြေး ၀န်ဆောင်မှု တရား၀င်လိုင်စင်ရရှိထားသည့်  ဘဏ်တခုဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။ တော်လှန်ရေးဘဏ်ဟုခေါ်သည့် နွေဦးဘဏ်ကို NUG ကပိုင်ဆိုင်ပြီး အစိုးရအနေဖြင့် ရှယ်ယာအားလုံး၏ ၅၁ ရာခိုင်နှုန်းကိုရယူထားမည်ဖြစ်ပြီး ပြည်သူလူထုကို ၄၉ ရာခိုင်နှုန်းအထိ အများဆုံး ထုတ်ရောင်းသွားမည်ဟု ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင်ပြုလုပ်သော နွေဦးဖွံ့ဖြိုးရေးဘဏ်  အစုရှယ်ယာ များ အကြိုရောင်းချခြင်းအစီအစဉ် သတင်းစာရှင်းလင်းပွဲတွင် SDB ပြောကြားခဲ့သည်။

တန်ဖိုးအနေဖြင့် ရှယ်ယာအားလုံးကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ သတ်မှတ်ထားပြီး ပြည်သူလူထုကို ၄၉ သန်းရောင်းချသွားမည်ဖြစ်သည်၊ ယခုအကြိမ်ရောင်းချခြင်းသည် ပထမအသုတ် ရောင်းချခြင်းဖြစ် ကြောင်း နွေဦးဘဏ်တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ရောင်းချ၍ရသည့် ရှယ်ယာများကို တော်လှန်ရေး၏ အရေးကြီးကဏ္ဍများတွင် ထည့်သွင်းအသုံး ပြုသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဌာနဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားခဲ့သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required