နယ်စပ်လုံခြုံမှု ရှိစေရေး လုပ်ဆောင်ရန် စစ်ကောင်စီကို တရုတ် တိုက်တွန်း

By Anadolu Agency
15 November 2023
နယ်စပ်လုံခြုံမှု ရှိစေရေး လုပ်ဆောင်ရန် စစ်ကောင်စီကို တရုတ် တိုက်တွန်း
Photo-AFP

တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံမှု ရှိစေရေး လုပ်ဆောင်ရန် တရုတ်က စစ်ကောင်စီကို နိုဝင်ဘာ ၁၄ ရက်တွင် တိုက်တွန်းလိုက်ပြီး တဆက်တည်းမှာပင် အရှိန်မြင့်နေသည့် ပဋိပက္ခတိုက်ပွဲများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုသည်။

“မြန်မာ မြောက်ပိုင်းက ပဋိပက္ခတိုက်ပွဲတွေနဲ့ပတ်သက်လို့ တရုတ်ဘက်က အလွန်တရာ စိုးရိမ်မိတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများကို ရည်ညွှန်းခြင်း ဖြစ်သည်။

“တရုတ်-မြန်မာ နယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် လက်တွေ့ကျတဲ့၊ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ မိမိတို့အနေနဲ့ မြန်မာကို တောင်းဆိုချင်တယ်” ဟု မော်က ပေကျင်းတွင် သတင်းထောက်များကို ပြောသည်။

ပြီးခဲ့သည့် ရက်များအတွင်း တရုတ်နှင့် နယ်စပ်အနီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်စခန်း အများအပြားနှင့် မြို့လေးမြို့ကို ထိန်းချုပ်ထားကြောင်းနှင့် တရုတ်သို့ ဦးတည်ရာ အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ပြောသည်။

ပဋိပက္ခတိုက်ပွဲများကြောင့် လူရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ပြီးခဲ့သည့် ရက်များအတွင်း တချို့သည်လည်း အိန္ဒိယနိုင်ငံဘက် ဝင်ရောက်ထွက်ပြေးခဲ့ကြသည်။

ရှမ်းပြည်နယ်ရှိ ပြင်းထန်တိုက်ပွဲများအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂကလည်း ပြောဆိုထားကာ အရပ်သား သေကျေ၊ ထိခိုက်မှုများကို ဖြစ်စေခဲ့သည့် လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှု သတင်းများနှင့် လူသောင်းချီ ပြည်တွင်း၌ နေရပ်စွန့်ခွာကြရပြီး လူရာချီ နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြရသည့် သတင်းများကိုလည်း ရည်ညွှန်းပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly