ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထွက်သည့်နိုင်ငံဖြစ်သော်လည်း တရုတ်က ရာသီဥတုပြောင်းလဲမှုအတွက် လျော်ကြေးပေးဖွယ်မရှိ

ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထွက်သည့်နိုင်ငံဖြစ်သော်လည်း တရုတ်က ရာသီဥတုပြောင်းလဲမှုအတွက် လျော်ကြေးပေးဖွယ်မရှိ

ကုလသမဂ္ဂသည် ၁၉၉၂ ခုနှစ်က တရုတ်နိုင်ငံကို ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် သတ်မှတ်ခဲ့သော်လည်း ယခုအခါ တရုတ်သည် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာသောကြောင့် အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာကိုပူနွေးစေသော ဖန်လုံအိမ်ဓာတ်ငွေ့များကို နှစ်စဉ်အများဆုံး ထုတ်လွှတ်သည့် နိုင်ငံဖြစ်သည်ဟု Washington Post သတင်းတွင် ဖော်ပြထားသည်။ သို့သော်တရုတ်နိုင်ငံအတွက် ကုလသမဂ္ဂ၏ အမျိုးအစား ခွဲခြားသတ်မှတ်မှုသည် လွန်ခဲ့သည့် နှစ် ၃၀ ကအတိုင်းပင်ဖြစ်သည်။

တရုတ်ကို ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် သတ်မှတ်ခြင်းက တရုတ်နိုင်ငံအား ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဆင်းရဲသောနိုင်ငံများကို ထောက်ပံ့ကူညီရေးမှ ရှောင်ရှားစေနိုင်ခဲ့ကြောင်း ဖွံ့ဖြိုးပြီးနိုင်ငံများမှ သံတမန်များက ပြောသည်။

မကြာသေးမီက အီဂျစ်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP27) အပြီးတွင် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ခံကြရသော နိုင်ငံများအတွက် တရုတ်နိုင်ငံက ပေးရန်လိုအပ်သည့်ပမာဏနှင့်ပတ်သက်သော ဆွေးနွေးမှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။

COP27 ထိပ်သီးအစည်းအဝေးအပြီးတွင် နိုင်ငံပေါင်း ၂၀၀ နီးပါးမှ စေ့စပ်ညှိနှိုင်းသူများသည် ပင်လယ် ရေမျက်နှာပြင်မြင့်တက်ခြင်းနှင့် မုန်တိုင်းကျရောက်မှုများ အပါအဝင် ရာသီဥတုဆိုင်ရာ ပြဿနာများကို ဖြေရှင်းရေးအတွက် အားနည်းချက်ရှိသော နိုင်ငံများအား လျော်ကြေးပေးရေး ရန်ပုံငွေတစ်ရပ်ထူထောင်ရန် သဘောတူညီခဲ့ကြသည်။

တရုတ်သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွင် အများအပြားပါဝင်သော်လည်း ရန်ပုံငွေ ထည့်ဝင်လိမ့်မည်မဟုတ်ကြောင်း လေ့လာသုံးသပ်သူများကို ကိုးကား၍ Washington Post ကဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ယခင်က ကျင်းပခဲ့သည့် ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးများတွင် ချမ်းသာသောနိုင်ငံများကို ဘဏ္ဍာရေးအကူအညီထပ်မံပေးရန် ဖိအားပေးခဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံ ၁၀၀ ကျော်နှင့် မဟာမိတ်ဖွဲ့ထားသည်။

Greenpeace East Asia မှ အကြီးတန်း မူဝါဒရေးရာ အကြံပေး လီရှုအိုက "အချက်အလက်တွေက ရှင်းပါတယ်။ တရုတ်နိုင်ငံဟာ အခု ကမ္ဘာမှာ ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံး ထုတ်လွှတ်တဲ့ နိုင်ငံပါ” ဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly