ကျောင်းသူ/သားနှင့် ကျောင်းအဆောက်အဦများအား ထိခိုက်စေမည်မဟုတ် ဟု ချင်းပြည်နယ်အခြေစိုက် CNO/CNDF ထုတ်ပြန်

ကျောင်းသူ/သားနှင့် ကျောင်းအဆောက်အဦများအား ထိခိုက်စေမည်မဟုတ် ဟု ချင်းပြည်နယ်အခြေစိုက် CNO/CNDF ထုတ်ပြန်

ဇွန် ၂၁

ချင်းပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ချင်းအမျိုးသားအဖွဲ့ချုပ် /တပ်မတော် (CNO/CNDF) အနေဖြင့် နိုင်ငံတကာ စစ်ဥပဒေကို လိုက်နာပြီး ကျောင်းသူ/ကျောင်းသားများနှင့် ကျောင်းအဆောက်အဦများကို ထိခိုက်စေမည် မဟုတ်ကြောင်းနှင့် အဆိုပါဖြစ်စဉ်များကိုလည်း ၎င်းတို့လုပ်ဆောင်ခြင်းမရှိကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီတပ်သည် စာသင်ကျောင်းများအနီးတွင်ပစ်ခတ်ခြင်း ဖောက်ခွဲခြင်း များပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့် ဇွန်လ ၁၉ရက် ည ၁၀နာရီခန့်က ဖလမ်းမြို့တပ်ကုန်းမှ လက်နက်ကြီး ငါးကြိမ်ခန့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်းဆိုသည်။

ထို့ပြင် ဇွန်လ ၁၇ရက် ည ၁၀နာရီခန့်အချိန်ကလည်း တလန်လိုရပ်ကွက် အ.ထ.က (၃) ကျောင်းတွင်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ် သားအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တပ်သားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာကွယ်ရေးတပ်များနှင့် ပစ်ခတ်သယောင်ပြုကာ အနီးနားပတ်ဝန်းကျင်သို့ ပစ်ခတ်ခဲ့ပြီး ခ.လ.ရ (၂၆၈) တပ် မှလည်း ၁၂၂ မမ ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး ၏လက်မောင်းတွင် ကျည်ထိဒဏ်ရာရှိခဲ့ပြီး အိမ်အတွင်းရှိ ပစ္စည်းတချို့ပျက်စီးကာ ဘိုင်လာကျေးရွာ (Baila) ရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့အခြေစိုက် ခ.လ.ရ တပ်ရင်း (၂၈၆)သည် ပြီးခဲ့သည့် ဇွန်လ ၁၅ရက် ညပိုင်းက ကျင်မွာလ်ရပ်ကွက်ရှိ အ.ထ.က (၂) ကျောင်းအနီးတွင် အသံမိုင်းခွဲ၍ ပြည်သူလူထုအား အထိတ်တလန့်ဖြစ်ပေါ်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အသံမိုင်းခွဲလုပ်ဆောင်ချက်သည် ပြည်သူလူထုနှင့် CNO/CNDF များအကြား အမြင်မှားစေရန် စစ်ကောင်စီက သွေးခွဲရန်လုပ်ဆောင်ခြင်းဖြစ်ပြီး “မိမိတို့၏ သားသမီးများ အလောင်းမကောက်လိုပါက ကျောင်းမထားနဲ့” ဟူသော ခြိမ်းခြောက်စာတချို့ကိုလည်း စစ်ကောင်စီက လိုက်လံကပ်ထားကြောင်းသိရသည်။

#Mizzima

#ချင်းပြည်နယ်

#ကျောင်းသူကျောင်းသား

#ကျောင်းအဆောက်အဦ

#ထိခိုက်စေမည်မဟုတ်

#CNO/CNDF

#ထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required