ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် နတ်ဆိုးကြီးများအဖွဲ့ အမည်ဖြင့် စာကပ် ခြိမ်းခြောက်မှုများရှိ

ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် နတ်ဆိုးကြီးများအဖွဲ့ အမည်ဖြင့် စာကပ် ခြိမ်းခြောက်မှုများရှိ

ဇွန် ၁၈

ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သမားများသိစေရန် နတ်ဆိုးကြီးများ အဖွဲ့(ဟားခါး)၊ နတ်ဆိုးကြီးများအဖွဲ့(ဖလမ်း) အမည်ဖြင့် စာကပ် ခြိမ်းခြောက်မှုများ ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ၁၅ ရက်နေ့က ဖလမ်းမြို့ပေါ်တွင် သတ်ပုံမမှန်သည့် ဖလမ်းဘာသာ စကားဖြင့် ''မင်းတို့ရဲ့သားသမီးတွေ အလောင်းမကောက်ချင်ရင် ကျောင်းမထားနဲ့'' ဆိုသည့် စာများကို နေအိမ်နှင့် ဈေးဆိုင်တချို့တွင် လိုက်လံကပ်ထားပြီး နောက်ရက်တွင် နတ်ဆိုးကြီးများအဖွဲ့မှ တန်ပြန် ခြိမ်းခြောက်စာ ပြန်ကပ်ခြင်းဖြစ်သည်ဟု ဆိုထားသည်။

''ဖလမ်းမြို့ပေါ်မှာ ခုရက်ပိုင်းတပ်ကုန်းကနေ ပစ်သံတွေ ပေါက်ကွဲသံတွေ ကြားနေရတယ်။ စကစတွေက သူတို့ ဘာသာ လုပ်ပြီး ဒေသခံကာကွယ်ရေးတပ်တွေကို လူထုအထင်သေးအောင် လုပ်နေတဲ့သဘောဖြစ်တယ်။ အခုလည်း စကစက ပထမနေ့မှာ ဖလမ်းလို စာရေးပြီး လူထုကိုခြိမ်းခြောက်တယ်။ နောက်နေ့မှာ အကြမ်းဖက်သမား (ဒေသခံ ကာကွယ် ရေးတပ်) တွေကိုရည်ညွှန်းပြီး ပြန်ခြိမ်းခြောက်တဲ့စာကို နတ်ဆိုးကြီးများ အဖွဲ့ဆိုပြီး လိုက်ကပ်ပြန်တယ်'' ဟုဖလမ်းမြို့ခံ တစ်ဦးကပြောသည်။

နတ်ဆိုးကြီးများအဖွဲ့ (ဖလမ်း) အမည်ဖြင့်ရေးသားထားသည့်ထုတ်ပြန်ချက်တွင် အချက်လေးချက်ပါရှိပြီး အကြမ်းဖက် အဖွဲ့၏NON Cdmဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အပေါ် ဖိအားပေးခြိမ်းခြောက်မှုများအပေါ်သဘာထားထုတ်ပြန်ချက်ဟုဆိုထားသည်။

အလားတူ ပြီးခဲ့သည့်ဇွန်လအတွင်းက နတ်ဆိုးကြီးများအဖွဲ့(ဟားခါး)ဟုဆိုကာ ဒေသခံကာကွယ်ရေးတပ်များအပေါ် ခြိမ်းခြောက်ရေးသားထားသည့် ထုတ်ပြန်ချက်များကို နေအိမ်အချို့နှင့်ဓါတ်တိုင်များတွင် လိုက်လံကပ်ထား ကြောင်းသိရသည်။

#Mizzima

#ချင်းပြည်နယ်

#မြို့နယ်အချို့

#နတ်ဆိုကြီးများအဖွဲ့

#စာကပ်ခြိမ်းခြောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required