ရွာငံမြို့နယ် နာမည်ကြီး ပျူစောထီးခေါင်းဆောင်နှင့် တပည့်နှစ်ဦး ပစ်ခတ်ခံရ

ရွာငံမြို့နယ် နာမည်ကြီး ပျူစောထီးခေါင်းဆောင်နှင့် တပည့်နှစ်ဦး ပစ်ခတ်ခံရ

ဇွန် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိမိန်းမရဲတောင်အနီး လမ်းမကြီးပေါ်တွင် ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နှင့် တပည့်နှစ်ယောက် စီးလာသောကားအား ဇွန်လ ၁၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ပစ်ခတ်ခံရကြောင်း သိရသည်။

ပစ်ခတ်ခံရသူ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်မှာ ပြင်းထန်ဒဏ်ရာဖြင့် အောင်ပန်းကုတင် ၇၀၀ စစ်ဆေးရုံ၌ ဆေးကုသခံယူလျက်ရှိကာ မေ့မျောနေကြောင်း၊ ဝင်းမြင့်၏ လက်ရုံးတပည့်နှစ်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

''ဝင်းမြင့်က အခုထိ ခုတင် ၇၀၀ မှာ မျောနေတယ် ပြောတယ်ဗျ။ သူက မြင်းကျဒိုးက ဒလန် ပျူခေါင်းဆောင် ဝက်သားသည် သုံးလုံးဒိုင်ပါ။ သူကတော့ အိမ်ထဲက အိမ်ပြင်မထွက်တာ မေလဆန်းပိုင်းကတည်းကလေ။ ကင်းချပြီးနေ နေပါတယ်။ ပါးစပ်သတင်းစကားက စစ်ကောင်စီက ရွာငံတောင်ပိုင်းကို သူ့ကို အပ်ထားခဲ့တယ်တဲ့။ သူ့လူတွေနဲ့ စစ်တပ်ကတော့ ရွာထဲကိုလည်း ဝင်မွှေတယ်။ ရွာထဲလာရင် သေနတ်ဖောက်ဝင်တယ်။ အပြစ်မဲ့ပြည်သူတွေကိုလည်း သတ်တယ်။ မနေ့က သူအပြင်ထွက်တာကို သတင်းအရ စောင့်ဆိုင်းပြီး ပစ်သတ်ခံခဲ့ရတာလို့ကြားတယ်။'' ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်မှာ ပြီးခဲ့သည့် ဧပြီလက ပဲရင်းတောင်ရွာနှင့်လွှစင်ရွာမှ လူနေအိမ်မီးရှို့ခြင်း၊ ရွာသားများ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ သတ်ဖြတ်ခံရသူများ၏ ရုပ်အလောင်းများကို ကားဖြင့် သယ်ဆောင်ခြင်းများကြောင့် ပဲရင်းတောင်ရွာသားများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ရွာလုံးကျွတ်ထွက်ပြေးနေချိန်တွင် ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းကာ ပြည်သူပိုင်ပစ္စည်းများကို သိမ်းယူကာ ပြန်လည်ရောင်းချခြင်းများပြုလုပ်နေကြောင်း၊ ရေပြာအိုင်အနီးရှိ ထင်းရှူးတောဝန်းကျင်တစ်ခုလုံးတွင် ကင်းချကာ ထင်ရှူးသစ်များကို ထုတ်ယူနေသည့်အပြင် ယူကလစ်တောတွင် ယူကလစ်ဆီများ ထုတ်ယူနေကြောင်း ရွာခံများက ဆိုသည်။

လွန်ခဲ့သည့် နှစ်လခန့်က ကိုဝင်းမြင့်၏အိမ်အနီး ဗုံးပေါက်ကွဲမှုဖြင့် ပဲရင်းတောင်ရွာနေ ဦးနေဝင်းဆိုသူကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဧပြီလ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ပြီး ဧပြီလ ၂၂ ရက် နံနက် ၁ နာရီခန့်က စတင်၍ ဦးနေဝင်းပိုင် နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ဖူးကြောင်း သိရသည်။

#mizzima

#ရှမ်းပြည်နယ်တောင်ပိုင်း

#ရွာငံ

#ပျူစောထီး

#ပစ်ခတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly