တိုင်းနှင့်ပြည်နယ် လေးခုမှ ဘာသာပေါင်းစုံလူငယ်များ ပထမဆုံးအကြိမ် ဘားအံတွင် တွေ့ဆုံ

တိုင်းနှင့်ပြည်နယ် လေးခုမှ ဘာသာပေါင်းစုံလူငယ်များ ပထမဆုံးအကြိမ် ဘားအံတွင် တွေ့ဆုံ

ဘားအံ၊ ဖေဖေါ်ဝါရီ ၆ ။             ။ ရန်ကုန်၊ ပဲခူး၊ မွန်နှင့် ကရင်ပြည်နယ်များမှ ဘာသာပေါင်းစုံ လူငယ်များ စုပေါင်းပြီး အတွေ့အကြုံ ဆွေးနွေးဖလှယ်ပွဲနှင့် လေ့လာရေးခရီးစဉ်တစ်ရက်ကို ကရင်ပြည်နယ် ဘားအံမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ကြောင်း ငြိမ်းဖောင်ဒေးရှင်းမှ စီမံချက်အရာရှိ အဖြစ်တာဝန်ယူထားသည့် ဦးသူရနိုင်က ပြောကြားသည်။

“ဘာသာတရားတိုင်းမှာ ရှိတဲ့ လူငယ်တွေ အချင်းချင်း ချစ်ခင်ရင်းနီးမှုတွေ ရရှိလာပြီး  ဖြစ်ပေါ်လာနိုင်တဲ့ ဘာသာရေးပဋိပက္ခတွေမှာလည်း လျော့နည်းလာစေမှာ သေချာပါတယ်။” ဟု ဦးသူရနိုင်ကပြော သည်။

အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီး လေးခုမှ လူငယ် ၈၀ ကျော်တို့သည် ဘားအံမြို့ရှိ ရွှေရင်မျှော် စေတီတော်၊ ကမ်းနားဘလီ၊ ဟိန္ဒု ဘုရားကျောင်းတို့ုကို သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

ယင်းဘာသာပေါင်းစုံ ငြိမ်းချမ်းရေးကို ပြုလုပ်ရာ၌ ရန်ကုန်တိုင်းဒေသကြီးမှ လူငယ်၂၁ ယောက်၊ ပဲခူးတိုင်းဒေသကြီးမှ လူငယ်၂၀ယောက်၊  မွန်ပြည်နယ်မှ လူငယ်၂၁ယောက်၊ ကရင်ပြည်နယ်မှ ၃၀ယောက်တို့  တွေ့ဆုံလေ့လာခဲ့ကြခြင်းဖြစ်သည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအား ပိုမိုကောင်းလာစေရန် လူငယ်များမှ ဖြစ်ပေါ်စေမည့် ဘာသာရေးပဋိပက္ခအတွင်း၌ လူငယ်များမပါဝင်ပါက ပဋိပက္ခ သိသိသာသာလျော့ကျလာစေမည် ကိုယုံကြည်သောကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အဆိုပါပွဲသို့ တက်ရောက်လာသည့် ဘားအံမှ လူငယ်တစ်ဦးဖြစ်သည့် မသြင်္ကန်မေက ပြောသည်။

အဆိုပါ လူငယ်များသည် ဘားအံမြို့ မောစလီကျေးရွာတွင် ဂိမ်းကစားခြင်းများ၊ ဘောလုံးကစားခြင်းများ၊ ပြဇတ်ကပြခြင်းများလည်း ပြုလုပ်သွားမည်ဟု သိရသည်။

ပဲခူးမြို့နယ်မှ လိုက်ပါလာသည့် လူငယ်တစ်ဦးဖြစ်သူ ကိုမျိုးကိုကလည်း “ ကျွန်တော်တို့ ဒီဘားအံမြို့က မောစလီကျေးရွာကိုလူငယ်ဖွံဖြိုရေးအတွက် တစ်သိန်းခွဲ လှူဒါန်းသွားပါမယ်။”ဟု ပြောသည်။

ပြီးခဲ့သော ၂နှစ်ခန့်ကလည်း  ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးမြို့များ၌ ယခုကဲ့သို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလူငယ်အသင်းအဖွဲ့မှ လုပ်ခဲ့ဖူးသည်ဟုဦးသူရနိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required