အာဖရိကမှ တရုတ်ဆုတ်ခွာချိန်တွင် အီးယူက ရင်းနှီးမြှုပ်နှံမှုများ စတင်

အာဖရိကမှ တရုတ်ဆုတ်ခွာချိန်တွင် အီးယူက ရင်းနှီးမြှုပ်နှံမှုများ စတင်

အာဖရိကတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်သည့်အနေဖြင့် ဥရောပသမဂ္ဂ(အီးယူ) သည် မကြာသေးမီက အာဖရိကနှင့် ၂ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့ကာ အာဖရိကနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ အကူအညီပေးရေး အစီအစဉ်ကို ကတိပြုလိုက်သည်။

တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအစပြုမှုနှင့်အတူ အာဖရိကတိုက်သို့ သိသိသာသာ ချဉ်းနင်းဝင်ရောက်ခဲ့သော်လည်း တရုတ်၏အာဖရိကမူဝါဒတွင် သိသိသာသာထွက်ခွာမှုရှိနေသည်။ ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းနှင့်ပတ်သက်သည့် ဝေဖန်သံများကြားတွင် တရုတ်နိုင်ငံသည် အာဖရိကတိုက်၌ ရင်းနှီးမြှုပ်နှံခြင်း နည်းပါးလာသည်။

လွန်ခဲ့သည့်လအနည်းငယ်ကကျင်းပခဲ့သော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဖိုရမ် (FOCAC) တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဖရိကအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့်ကို ကတိပြုခဲ့ပြီး ယခင်ကတိကဝတ်များထက် ၃ ပုံ ၁ ပုံ လျော့နည်းခဲ့သည်။

ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက တရုတ်ချေးငွေသည် သိသိသာသာ ကျဆင်းသွားခဲ့သည်။

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်အချက်အလက်များအရ တရုတ်ချေးငွေသည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၅ ဘီလီယံရှိပြီး ၂၀၁၉ ခုနှစ်တွင် ၇ ဒသမ ၆ ဘီလီယံသာရှိသည်။

အာဖရိကတွင် တရုတ်၏ လေးနက်သော ထိတွေ့ဆက်ဆံမှုများကြောင့် စိုးရိမ်ထိတ်လန့်နေသော ဥရောပသည် အထူးသဖြင့် ဆက်သွယ်ရေးကဏ္ဍကို ပစ်မှတ်ထားလျက် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီဖြင့် သြဇာလွှမ်းမိုးမှု ပြန်လည်ရရှိရန် မျှော်လင့်နေသည်။

အဆိုပါအကူအညီသည် တရုတ်ခါးပတ်လမ်းရပ်ဝန်း (BRI) ၏ အခြားရွေးချယ်စရာအဖြစ် အီးယူက ယမန်နှစ်ကထုတ်ဖော်ပြသခဲ့သော Global Gateway Initiative (GGI) ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အဆိုပါပရောဂျက်များသည် ဒစ်ဂျစ်တယ်ချိတ်ဆက်မှု ပိုမိုကောင်းမွန်စေရန်နှင့် သယ်ယူပို့ဆောင်ရေး ဆက်သွယ်မှုအသစ်များ တည်ဆောက်ရန်လည်း ရည်ရွယ်သည်။

ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း အထူးအာရုံစိုက်လုပ်ဆောင်မည်ဖြစ်ပြီး အာဖရိကအပါအဝင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံတန်ကြေးရှိ မြန်နှုန်းမြင့်ဂြိုလ်တုဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်ရန် အီးယူက အဆိုပြုထားသည်။

တရုတ်နိုင်ငံသည် အာဖရိကအာဏာရှင်များနှင့် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ဆက်ဆံရေးကောင်းမွန်ခဲ့သည်။

အာဖရိကရှိ အာဏာရှင်အစိုးရအများအပြားသည် အင်တာနက်အသုံးပြုမှုကို ကန့်သတ် သို့မဟုတ် ပိတ်ပင်ထားသည်။ ထိုစဉ် အီးယူခေါင်းဆောင်များသည် စီးပွားရေးအကူအညီဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုနှင့် ဆက်သွယ်မှုကဲ့သို့သော ဒီမိုကရေစီစံနှုန်းများကို ဖော်ဆောင်ရန် မျှော်လင့်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly