မူပိုင်ခွင့် အကာအကွယ်ပြုခြင်းနှင့်ပတ်သက်၍ ဥရောပသမဂ္ဂက တရုတ်ကို WTO တွင် တရားစွဲ

မူပိုင်ခွင့် အကာအကွယ်ပြုခြင်းနှင့်ပတ်သက်၍ ဥရောပသမဂ္ဂက တရုတ်ကို WTO တွင် တရားစွဲ

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ မူပိုင်ခွင့်များကို ကာကွယ်ရန်နှင့် အသုံးပြုရန်အတွက် နိုင်ငံခြားတရားရုံးတစ်ခုခုတွင် သွားရောက်ဆောင်ရွက်ရန် ပိတ်ပင်ခဲ့သည့်အတွက် ဥရောပသမဂ္ဂ (EU) က တရုတ်နိုင်ငံအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် ဖေဖော်ဝါရီလ ၁၈ရက်က တရားစွဲဆိုခဲ့သည်။

"ဥပမာ မူပိုင်ခွင့်ရှိသော အီးယူ ကုမ္ပဏီများ၏ 3G 4G နှင့် 5G ကဲ့သို့ အဓိကကျသည့် နည်းပညာများနှင့် ပတ်သက်၍ ၎င်းတို့၏ မူပိုင်ခွင့်အပေါ် တရုတ်မိုဘိုင်းဖုန်း ထုတ်လုပ်သူများက တရားမဝင် သို့မဟုတ် သင့်တော်သည့် ငွေကြေးမပေးဘဲ အသုံးပြုခြင်းမှ ကာကွယ်ခွင့်ကို တရုတ်အစိုးရက ပြင်းထန်စွာ ကန့်ကွက်ထားသည်။ တရုတ်နိုင်ငံ ပြင်ပရှိ တရားရုံးသို့ မူပိုင်ခွင့်အတွက် လျှောက်ထားသည့် ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံတွင်း ပြင်းထန်သည့် ဒဏ်ကြေးများကို ဆောင်နေရသလို အသုံးပြုခွင့် လိုင်စင်ကြေးတွင်လည်း ဈေးကွက်ပေါက်ဈေးထက် ပေးနိုင်ရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်” ဟု ဥရောပ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် တရုတ်၏မူဝါဒသည် ဥရောပ၏ ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးမှုကို အလွန် ထိခိုက်စေပြီး နည်းပညာဆိုင်ရာအခွင့်အရေးများအားသာချက်ရှိသည့် ဥရောပနည်းပညာကုမ္ပဏီများ၏ ကျင့်သုံးရန်နှင့် ပြဌာန်းရန်အခွင့်အရေးများကို ဆိုးရွားစွာ ဆုံးရှုံးနေကြောင်း ဖော်ပြထားသည်။

၂၀၂၀ပြည့်နှစ် ဩဂုတ်လမှစ၍ နည်းပညာမြင့်မူပိုင်ခွင့်ပိုင်ဆိုင်သည့် ဥရောပသမဂ္ဂကုမ္ပဏီများအား ဖိအားပေးရန်နှင့် ယင်းတို့၏ နည်းပညာများကို မှန်ကန်စွာကာကွယ်နေခြင်းအား ဟန့်တားရန် "တရားစွဲ ဆိုခြင်းကို ဆန့်ကျင်သည့် တားမြစ်မိန့်များ" ဟု လူသိများသည့် ဆုံးဖြတ်ချက်များ တရုတ်တရားရုံးများက ထုတ်ပြန်ခဲ့ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ထားသည်။

ဥရောပကုမ္ပဏီများအား နိုင်ငံခြားတရားရုံးများသို့ သွားရောက်ခြင်းမပြုရန် ကြီးလေးသော ဒဏ်ငွေ ခြိမ်းခြောက်မှုကိုလည်း တရုတ်တရားရုံးများက အသုံးပြုခဲ့သည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ဥရောပနည်းပညာမြင့်ကုမ္ပဏီများက ယင်းတို့၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေချိန်တွင် သိသိသာသာအားနည်းချက်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂသည် ယင်း ပြဿနာကို ဖြေရှင်းရန် တရုတ်နှင့် ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly