ချင်းပြည်နယ်တွင် မရာလူမျိုးစု အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

ချင်းပြည်နယ်တွင် မရာလူမျိုးစု အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

ဖေဖော်ဝါရီလ ၃ ရက်

ချင်းပြည်နယ်အတွင်း နေထိုင်သည့် မရာလူမျိုးစု၏ ပထမဆုံး ညီလာခံအား အိန္ဒိယ-မြန်မာ နယ်စပ် တစ်နေရာတွင် Mara Revolution Coordination Team ဉီးဆောင်မှုဖြင့် ဇန်နဝါရီလ ၂၉ နှင့် ၃၀ ရက်များတွင် ကျင်းပနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ညီလာခံအတွင်း မရာ ပဋိညာဉ် (Mara Charter) အား ဆွေးနွေး အတည်ပြုပြီး  ကြားကာလ ဥပဒေပြုအဖွဲ့ အဖြစ် မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းကာ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တရားစီရင်ရေး ဗဟို တရားသူကြီးနှင့် အထူးအကြံပေး အဖွဲ့ဝင်များ ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အချိန်ယူပြီး ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီးမှ အခုလိုရလဒ် ထွက်ပေါ်လာတာပါ၊ ရှေ့ဆက်ပြီး နယ်မြေ တည်ဆောက်ရေး ကာကွယ် လုံခြုံရေးအတွက် ကြိုးစား လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု  အမည်မဖော်လိုသူ ညီလာခံ ကိုယ်စားလှယ် တစ်ဉီးက ပြောသည်။

စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးအတွက် ချင်းတော်လှန်ရေး အင်အားစုများ အပါဝင် အခြား တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်ရန် Chinland Defense Force-Mara နှင့် Mara Army တပ်ဖွဲ့နှစ်ခုအား မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့ Maraland Defense Force-MDF အဖြစ် ပေါင်းစည်း နိုင်ခဲ့ကာ ကြားကာလ မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ အုပ်ချုပ်မှုနယ်မြေ အတွင်း မရာလဲန်း ကာကွယ်ရေး တပ်ဖွဲ့မှ အပ အခြား လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းခွင့်ပြုမည် မဟုတ်ကြောင်း ဆိုသည်။

ချင်းပြည်နယ် အတွင်းရှိ ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ်များ အတွင်းရှိ မရာနယ်မြေများအား အုပ်ချုပ်ရေး ကောင်စီ၏ အောက်တွင် တစ်စုတစ်စည်းထဲ ထားရှိပြီး ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းများ  ထိရောက်စွာ ဆောင်ရွက်ရန် စီမံအုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်များအဖြစ် ဥက္ကဋ္ဌ လေးဉီး အပါအဝင် ၁၅ ဉီးအား ရွေးချယ်တင်မြှောက်၍ ကာကွယ်ရေး၊ အထွေထွေ အုပ်ချုပ်ရေး အပါဝင် ဌာနကြီး ၁၁ ခု ဖွဲ့စည်း နိုင်ခဲ့ကြောင်း သိရသည်။

မရာလူမျိုးစု အနေဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ထုတ်ပြန်ကြေညာချက် အမှတ် (၁၉/၂၀၂၁) ပါ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် (၂) အား အသိအမှတ်ပြုသည့် အပြင် စစ်အာဏာရှင်၏ ပြည်သူလူထုအပေါ် လူသားမဆန်စွာ နှိပ်စက်ညှင်းပန်းမှုများ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကြောင်း ဖော်ပြသည်။ 

ညီလာခံသို့ မြန်မာပြည်တွင်းရှိ မရာကျေးရွာ ၄၄ ရွာမှ လူထု ကိုယ်စားလှယ်များ၊ မရာလဲန်း ခုခံတော်လှန်ရေး တပ်ဖွဲ့များမှ ခေါင်းဆောင်များ၊ CDM ဝန်ထမ်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ် အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် မရာ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြား ထားသူများနှင့် လေ့လာသူများ အပါအဝင် ၂၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာ၊ ချင်းအမျိုးသား တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် စစ်ကောင်စီ အကြံပေး အင်ဒရူးငွန်ကျုံးလျန် တို့သည် လူသိများသော မရာ လူမျိုးစုဝင်များ ဖြစ်သည်။

ဓာတ်ပုံ - CDF Mara

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required