အိန္ဒိယဆယ်ကျော်သက်မိန်းကလေး ခြောက်ခြားဖွယ် ဂိုဏ်းဖွဲ့မုဒိမ်းကျင့်ခံခဲ့ရပုံအား ရုပ်သံအင်တာဗျူးတွင် ဖွင့်ဟ

အိန္ဒိယဆယ်ကျော်သက်မိန်းကလေး ခြောက်ခြားဖွယ် ဂိုဏ်းဖွဲ့မုဒိမ်းကျင့်ခံခဲ့ရပုံအား ရုပ်သံအင်တာဗျူးတွင် ဖွင့်ဟ

နယူးဒေလီ၊ ဇန်နဝါရီ ၁၁ ။               ။ အိန္ဒိယနိုင်ငံတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးက လူတစ်စု၏ ဖမ်းဆီးခံရကာ နှစ်ပတ်ကြာချုပ်နှောင်ထားခံရပြီး အကြိမ်ကြိမ်သားမယားပြုကျင့်ခံခဲ့ရ သည်။ ထိုသို့ ဂိုဏ်းဖွဲ့ ချုပ်နှောင် သားမယားပြုကျင့်ပြီးနောက် ပြန်လွှတ်မည်ဆိုကာ သေနတ်ဖြင့် ပစ်သတ်ပြီး ရေတွင်းထဲ ပစ်ထားခဲ့ကြသော်လည်း အသက်မသေဘဲ ရှိခဲ့သဖြင့် ထိုကြုံခဲ့ရသည့် ခြောက်ခြား ဖွယ် အဖြစ်အပျက်အား ရုပ်မြင်သံကြားနှင့် အင်တာဗျူးရာတွင် ဖွင့်ဟပြောဆိုလာခဲ့သည်။

အိန္ဒိယမြို့တော်အတွင်း နောက်ဆုံး လိင်အကြမ်းဖက် ရာဇဝတ်မှုဖြစ်သည့် အဆိုပါ ဆယ်ကျော်သက် မိန်းကလေးအား ဖမ်းဆီးကာ ဂိုဏ်းဖွဲ့ သားမယားပြုကျင့်မှုသည် နယူးဒေလီ အနောက်ပိုင်း မြို့စွန်တွင် နိုဝင်ဘာ ၂၂ ရက်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းမိန်းကလေး ဈေးသို့ သွားစဉ် လူတစ်စုက အတင်းအဓမ္မခေါ်ဆောင်သွားခံရခြင်းဖြစ်သည်။

NDTV မီဒီယာနှင့် အင်တာဗျူးဖြေကြားရာတွင် သူ့အား မှောင်မည်းနေသည့် အခန်းအတွင်း ထားကြောင်း၊ ယင်းနေရာတွင် လူသုံးဦးက ဖမ်းဆီးထားသည့် သီတင်းပတ်နှစ်ပတ်အတွင်း အကြိမ်ကြိမ် မုဒိမ်းပြုကျင့်ကြကြောင်း ၎င်း၏ အဖြစ်ဆိုးကို ပြန်ပြောင်းပြောဆိုသည်။

"အဲဒီလို နှစ်ပတ်ကြာ အကြိမ်ကြိမ် ပြုကျင့်ပြီးတဲ့ နောက်မှာ တစ်ညတော့ သူတို့က ကျွန်မကို သွားခွင့်ပေးတော့မည်လို့ ပြောပါတယ်။ နောက်တော့ ကားနဲ့ ခေါ်သွားကြတယ်။ ဈေးဆိုင် တစ်ဆိုင်ကို မောင်းသွားပြီး အရက်ဝယ်ကြတယ်။ နောက် ကားဆက်မောင်းလာပြီး ရေတွင်းတစ်တွင်းနားမှာ ရပ်ပါတယ်။"ဟု မိန်းကလေးက ပြောဆိုသည်။

"သူတို့တွေက သွားတော့လို့ ကျွန်မကို ပြောပါတယ်။ ကျွန်မ နည်းနည်းလောက် ခြေလှမ်းသွားရရုံပဲ ရှိသေးတယ် သေနတ်နဲ့ လှမ်းပစ်လိုက်တာပါ။ ပထမတစ်ချက်က အရိုးကို ထိပါတယ်။ ကျွန်မ တကိုယ်လုံး ထုံကျင်နေတာကြောင့် ဘာမှ မခံစားရဘူး။ ဒါပေမယ့် ဒုတိယတစ်ချက်မှာတော့ ကျွန်မ လဲကျသွားတော့တယ်။"ဟု မိန်းကလေးပြောသည်။

မိန်းကလေးဖြစ်သူ ပြန်လည် သတိလည်လာချိန်တွင် ခိုက်ခိုက်တုန်အောင် ချမ်းနေပြီး ရေတွင်းထဲသို့ သေပြီဆိုကာ ပစ်ချထား ခံရခြင်းဖြစ်သည်။

"ကျွန်မ ပြန်ပြီးတော့ အသိတရား ထားနိုင်လာချိန်မှာ ရင်ဘတ်မှာ ကျည်ဆန်စိုက်နေတာကို တွေ့ရပါတယ်။ ဒါကို ဆွဲနှုတ်ပစ်လိုက်ရတယ်။"ဟု ရင်ဘတ်က ဒဏ်ရာကို ပြသလျက် မိန်းကလေးက ဆိုသည်။

ထိုသို့ ပစ်သတ်ခံရကာ ရေတွင်းထဲ စွန့်ပစ်ခြင်းခံရခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက် သတိပြန်ရ၍ အော်ဟစ်အကူအညီတောင်းရာမှ အနီးနားရွာမှ ရွာသူရွာသားများက မိန်းကလေးကို ဆွဲတင်ခဲ့ရခြင်းဖြစ်သည်။ ထိုနောက် ဆေးရုံသို့ အမြန်တင်ပို့ပေးခဲ့ရခြင်းဖြစ်သည်။

ထိုအမှုနှင့် ပတ်သက်ပြီး လူတစ်ချို့ကို ဖမ်းဆီးထားကြောင်းလည်း ဌာနေသတင်းများတွင် ဖော်ပြသည်။

"ဒီမုဒိမ်းကျင့်တဲ့ သူတွေကို ကြိုးပေးကွပ်မျက်စေချင်ပါတယ်။ ဒါမှပဲ ကျွန်မ ကြုံခဲ့ရသလို နောက်ထပ် မိန်းကလေးတွေ ထပ်မကြုံရမှာဖြစ်ပါတယ်။"ဟု မိန်းကလေးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly