အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံသည့် စစ်ကောင်စီတပ်သား ၃၀ ဦးကို ပြန်လည်ပို့ဆောင်

By ပါခွီး(မဇ္စျိမ)
30 November 2023
အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံသည့် စစ်ကောင်စီတပ်သား ၃၀ ဦးကို ပြန်လည်ပို့ဆောင်
ပုံအညွှန်း - ပြန်ပို့မည့် စစ်ကောင်စီတပ်သားများကို တင်ဆောင်နေစဥ် ဓါတ်ပုံ - ပေးပို့

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ လိုင်လင်းပီမြို့တိုက်ပွဲအတွင်း ထွက်ပြေး၍ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့သည့် စစ်ကောင်စီတပ်သား အယောက် ၃၀ကို မြန်မာပြည်ဖက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း All India Radio (Aizawl) က နိုဝင်ဘာလ ၂၉ရက်နေ့တွင် ကြေညာသည်။

လိုင်လင်းပီမြို့တွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသည့် ခမရ (၃၀၄) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၁၉ရက် ညမှစတင်၍ ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၄ရက်နေ့တွင် စခန်းကိုသိမ်းပိုက်ရခဲ့ခြင်း ဖြစ်သည်။

စခန်းကိုစွန့်ခွာ၍ တောထဲသို့ ထွက်ပြေးခဲ့သည့် ဗိုလ်ကြီး ရန်နိုင်ဦး ဦးဆောင်သော စစ်ကောင်စီတပ်သားများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက လိုက်လံရှာဖွေခဲ့သော်လည်း နိုဝင်ဘာလ ၂၈ရက်နေ့တွင် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင်ရှိ အာသံရိုင်ဖယ်စစ်တပ်ထံသို့ လက်နက်ချ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဆိုင်ဟားခရိုင် သွီပန်းရွာတွင် တပ်စွဲထားသည့် အာသံရိုင်ဖယ်တပ်က စစ်ကောင်စီတပ်သားများကို စစ်ဆေးမေးမြန်းပြီး ရဟတ်ယာဥ်ဖြင့် မြန်မာပြည်ဖက်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

“မြန်မာစစ်သားတွေကို ရဟတ်ယာဥ်နဲ့ပြန်ပို့နေတာ နှစ်သုတ်ခွဲပြီးတော့ မိုးရေးဖက်ကို ပို့မယ်လို့ကြားတယ်” ဟု ရဟတ်ယာဥ်ကွင်းအနီးရှိ မြန်မာစစ်ဘေးရှောင်တဦးက မဇ္စျိမကိုပြောသည်။

နိုဝင်ဘာ ၂၉ရက် မနက် ၉နာရီ ၃၀မိနစ်အချိန်တွင် ၁၅ဦး၊ မနက် ၁၀နာရီ ၃၀မိနစ်တွင် နောက်ထပ် ၁၅ဦး နှစ်သုတ်ခွဲ၍ ၎င်းတို့ကိုင်ဆောင်သော လက်နက်များနှင့်အတူ ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း AIR (Aizawl) ကြေညာချက်တွင် ပါရှိသည်။

၎င်းတို့ကို မီဇိုရမ်ပြည်နယ် သွီပန်း ရဟတ်ယာဥ်ကွင်းမှ မဏိပူရပြည်နယ် ၊ မိုးရေးမြို့သို့ပို့ဆောင်ပြီး ယင်းမှတဆင့် တမူးမြို့သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်းဆိုသည်။

နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တမူးမြို့နယ် ဝိတုတ် ၊ ခါမ်းပါတ် ၊ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ် ၊ သွီးဘွာလ် နှင့် ယခု လိုင်လင်းပီးစခန်းများကို တော်လှန်ရေးတပ်သားများက တိုက်ခိုက်စဥ် ယင်းစခန်းရှိ စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် မဏိပူရပြည်နယ်အတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ပြီး ပြန်လည် ပို့ဆောင်ခဲ့သူ ၁၇၀ကျော်ရှိပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်အများအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required