အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံသား ၆ဦးထံမှ ဘိန်းဖြူ ၂ကီလိုကျော်နှင့် ရူပီးငွေများဖမ်းမိ

By ပါခွီး(မဇ္စျိမ)
12 November 2023
အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံသား ၆ဦးထံမှ ဘိန်းဖြူ ၂ကီလိုကျော်နှင့် ရူပီးငွေများဖမ်းမိ
ပုံအညွှန်း -မူးယစ်ဆေးဝါးနှင့် ငွေစက္ကူများကို ဖမ်းဆီးရမိစဥ်။(ဓါတ်ပုံ - Bengvarna)

အိန္ဒိယ - မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ဇိုးခွါးထာလ်ရွာအနီးတွင် မြန်မာနိုင်ငံသားခြောက်ဦးထံမှ ဘိန်းဖြူ ၂၆၁၅ ဂရမ်နှင့် အိန္ဒိယနိုင်ငံသုံး ရူပီးငွေ သိန်း ၁၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ဒေသအခြေစိုက် Bengvarna အွန်းလိုင်းမီဒီယာက နိုဝင်ဘာလ ၁၁ရက်နေ့တွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်၊ ဇိုးခွါးထားလ်ရွာ၌ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့တွင်နေထိုင်သူ မြန်မာနိုင်ငံသားတဦးထံမှ ဘိန်းဖြူ ၂၅၇၇ ဂရမ် နိုင်ငံတကာဈေးကွက်တန်ဘိုး ရူပီး ၁၈၀,၃၉၀,၀၀၀ (ကျပ်သိန်းတထောင့်ရှစ်ရာကျော်)ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဆိုသည်။

အလားတူ အခြားမြန်မာနိုင်ငံသား နှစ်ဦးထံမှ ဘိန်းဖြူ ၃၈ဂရမ် တန်ဖိုး ရူပီး ၂,၆၆၀,၀၀၀ တို့ကို အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်နှင့် မီဇိုရဲတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံသားသုံးဦးထံမှ တရားမဝင် ပိုင်ဆိုင်သည့် ရူပီးငွေစက္ကူ ၁၂,၁၅၈,၃၅၀ ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေး၊ ငွေစက္ကူများနှင့်အတူ ဖမ်းဆီးထားသော မြန်မာနိုင်ငံသားများကို တရားဥပဒေအရဆက်လက်အရေးယူနိုင်ရန် ကျန်ဖိုင်းခရိုင်ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ငွေစက္ကူများကို ရူပီး၂၀၀,၀၀၀ အထက် သယ်ဆောင်သွားလာ ခွင့်မရှိဘဲ အရောင်းအဝယ်အတွက် ငွေသားများကို အခွန်ကင်းရှင်းကြောင်း သက်သေပြရန်လို အပ်သည်ဟု သိရသည်။

“အခုတလော မူးယစ်ဆေးတွေက မိတာ များများလာတယ် ။တချို့ဟာတွေက စစ်ဘေးရှောင်ဆိုတဲ့သူတွေဆီကလည်း မိတာရှိတယ် ။ ဒေသခံတချို့တွေကတော့ စစ်ဘေးရှောင်တွေကို အမြင်စောင်းပြီး စေတနာပျက်ကုန်ကြတာတွေလည်းရှိနေပြီ” ဟု နယ်စပ်ဒေသတွင်နေထိုင်သူ မြန်မာနိုင်ငံသား တဦးက မဇ္စျိမကိုပြောသည်။

မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားများထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိနေခြင်းအပေါ် မြန်မာနိုင်ငံသား စစ်ဘေးရှောင်စခန်းများတွင် ယခင်အချိန်များထက် ဒေသခံများ၏လှူဒါန်းမှု နည်းပါးလာနေကြောင်း ဆိုသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် ၊ CDM ဝန်ထမ်း နှင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀၀၀ ခန့် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၌ စစ်ဘေးရှောင်နေကြကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required