အာဖရိကတစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို အူဘာမီယန်း ရရှိ

အာဖရိကတစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို အူဘာမီယန်း ရရှိ

ဂါဘွန်၊ ဇန်နဝါရီ ၈ ။            ။ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းသည် အိုင်ဗရီကို့စ်ကွင်းလယ်ကစားသမား ယာယာတိုရေးကို ဖြတ်ကျော်ပြီး အာဖရိက တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိသွားခဲ့သည်။

အာဖရိကဘောလုံးအဖွဲ့ချုပ်စာရင်းဝင် နိုင်ငံများ၏ လက်ရွေးစင်အသင်းနည်းပြများနှင့် နည်းစနစ်ဒါရိုက်တာများမှ မဲပေးရွေးချယ်ရာတွင် အူဘာမီယန်းသည် ၁၄၃ မှတ် ရရှိပြီး အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် လေးနှစ်ဆက်တိုက် ဆုရရှိခဲ့သည့် ယာယာတိုရေးမှာ ၁၃၆ မှတ်ဖြင့် ဒုတိယသာ ရရှိခဲ့သည်။ တတိယအကောင်းဆုံးဆုကိုမူ ဂါနာနှင့်ဆွမ်ဆီး ကွင်းလယ်တိုက်စစ်ကစားသမား အန်ဒရီအယူးက ၁၁၂ မှတ်ဖြင့် ရရှိခဲ့သည်။

အသက် ၂၆ နှစ်အရွယ်ရှိ အူဘာမီယန်းသည် ဂါဘွန်နိုင်ငံအတွက် ပထမဆုံးသော အာဖရိကအကောင်းဆုံးဘောလုံးသမားဆု ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အူဘာမီယန်းသည် ယခုရာသီတွင် ဒေါ့တ်မွန်အသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိပြီး ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၇ ပွဲတွင် ၁၈ ဂိုးသွင်းယူကာ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသည်။

ဆုရရှိပြီးနောက်တွင် အူဘာမီယန်းက ဂါဘွန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တကွ၊ မိသားစုဝင်များ၊ အသင်းဖော်များနှင့် အားပေးခဲ့ကြသည့် ပရိသတ်များအားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

ဂါဘွန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကလည်း အူဘာမီယန်းသည်  ဂါဘွန်နိုင်ငံတွင် ကျင်းပမည့် ၂၀၁၇ ခုနှစ် အာဖရိကဖလားဘောလုံးပြိုင်ပွဲတွင် အဓိက မျှော်လင့်ချက်ဖြစ်လာမည်ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly