လေးကေ့ကော်စစ်ဘေးရှောင်များကို အကူအညီပေးရန် ထိုင်းအစိုးရအား NUG အဆောတလျင် မေတ္တာရပ်ခံ

လေးကေ့ကော်စစ်ဘေးရှောင်များကို အကူအညီပေးရန် ထိုင်းအစိုးရအား NUG အဆောတလျင် မေတ္တာရပ်ခံ

ဒီဇင်ဘာလ ၁၇ ရက်

ကရင်ပြည်နယ်တွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ အကြား တိုက်ပွဲများဖြစ်ပြီးနောက် လေးကေ့ကော်မြို့သစ်မှ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရေး ကြိုးပမ်းသူများကို လက်ခံခွင့်ပြုပါရန် ထိုင်းအစိုးရအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အဆောတလျင် မေတ္တာရပ်ခံတောင်းဆိုထားကြောင်း ဒီဇင်ဘာ ၁၆ ရက်၌ ထုတ်ပြန်သည်။ 

KNU/KNLA တပ်မဟာ (၆) ထိန်းချုပ်မှုအောက်က အရပ်သားများ နေထိုင်ရာ လေးကေ့ကော်ကျေးရွာထဲ စစ်တပ်က ဒီဇင်ဘာ  ၁၄ ရက်၌ ဝင်ရောက်ပြီး လူပေါင်း ၃၀ မှ ၆၀ ကြားကို ဖမ်းဆီးရာမှ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် စစ်တပ်နှင့် KNLA တို့ကြား လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ 

ထို တိုက်ပွဲမှ ထိုင်းနိုင်ငံဖက်သို့ စစ်ဘေးရှောင် ထွက်ပြေးလာသူများအား လူသားချင်းစာနာထောက်ထားရေး အကူအညီနှင့် အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းကိုလည်း NUG က မေတ္တာရပ်ခံထားသည်။ 

ထိုပြင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အကြမ်းဖက်မှုများ လျော့ကျရေးအတွက် ခိုင်ခိုင်မာမာ အရေးဆိုရန် မိမိတို့အနေဖြင့် တိုက်တွန်းကြောင်းလည်း အဆိုပါ NUG ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။ 

လေးကေ့ကော်မြို့နယ်တွင် ပြည်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်နိုင်ရေးအတွက် ထိုင်းဘုရင့်တိုင်းပြည်နှင့် နိုင်ငံတကာအသိုင်းအဝန်းတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရေးအတွက် NUG အနေဖြင့် အသင့်ရှိနေသည်ဟုလည်း ထုပတ်ပြန်ချက်၌ ဆက်လက်ဆိုထားသည်။ 

လေးကေ့ကော်၌ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး ဝေလင်းအောင် အပါအဝင် အရပ်သားများအား စစ်တပ်က ဖမ်းဆီးခြင်းသည် အရပ်သား လူဦးရေကို ရက်စက်ကြမ်းကြုတ်မှုများ စစ်ကောင်စီက ဆက်လက်ကျူးလွန်နေခြင်း၏ နောက်ထပ် ဥပမာတစ်ရပ်ဖြစ်သည်ဟုလည်း NUG က ပြောဆိုသည်။ 

လက်ရှိ တိုက်ပွဲများသည်လည်း အထူးသဖြင့် ကရင်တိုင်းရင်းသားများနှင့် အခြားသော တိုင်းရင်းသားများက စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ငြင်းပယ်ကြောင်း ညွှန်ပြနေသည့် ပြယုဂ်ပင်ဖြစ်သည်ဟု ယင်း ထုတ်ပြန်ချက်၌ ဆိုထားသည်။

အာဏာသိမ်းပြီးချိန်မှစကာ စစ်ကောင်စီတပ်သည် အကြမ်းဖက်မှုများဖြင့် တုံ့ပြန်နေပြီး လက်နက်မဲ့ ဆန္ဒပြသူများကို သတ်ဖြတ်ခြင်းကလည်း ၁၀၀၀ မက ရှိနေကာ လူပေါင်း ၇၀၀၀ ကျော်ထက်မနည်းကို ထင်ရာစိုင်း ဖမ်းဆီးထားကြောင်း၊ ပြည်သူများ၏ ပိုင်ဆိုင်မှုများကို လုယက်ခြင်းများ၊ ဖျက်ဆီးခြင်းများ ကျူးလွန်နေကြောင်း၊ တိုင်းရင်းသားနယ်မြေများ၌ ထိုးစစ်ဆင်ရာတွင် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားရေး ဥပဒေများကို ချိုးဖောက်လျက် ရှိနေကြောင်း NUG ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

ယခု လအတွင်းမှာပင် ရန်ကုန်၌ ဆန္ဒပြလူအုပ်ကို စစ်သုံးထရပ်ကားဖြင့် ဝင်တိုက်ခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၌ အရပ်သား ၁၁ ဦးကို မီးရှို့သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု NUG က ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly