အင်ဒိုနီးရှားမှာ ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ အားပြင်းငလျင်လှုပ်

အင်ဒိုနီးရှားမှာ ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ အားပြင်းငလျင်လှုပ်
Photo - AFP

ဒီဇင်ဘာလ ၁၄ ရက်

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ ဒီဇင်ဘာ ၁၄ ရက်က ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ အားပြင်းငလျင်တစ်ခု လှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာမှုဌာနက ပြောပါတယ်။ ယင်းနောက် ငလျင်လေ့လာစောင့်ကြည့်သူတွေက အန္တရာယ်ရှိ ဆူနာမီ လှိုင်းတွေ ဖြစ်လာနိုင်ခြေနဲ့ပတ်သက်လို့ သတိပေးမှု ခဏမျှ ထုတ်ပြန်ခဲ့ပြီး ယင်းနောက် အဆိုပါ သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ငလျင်ဗဟိုချက်ကတော့ အင်ဒိုနီးရှားရဲ့ အရှေ့ နူဆာ တန်ဂါရာပြည်နယ်ရှိ ဖလောရက်စ်ကျွန်းရဲ့ မြောက်ဘက်မှာဖြစ်ပါတယ်။ ငလျင်လှုပ်မှုကြောင့် ဒေသခံပြည်သူတွေကို အထိတ်တလန့် ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

"အဲဒီအချိန်မှာ ကျွန်တော်က စိုက်ကွင်းထဲမှာ ရောက်နေတာပါ၊ လူတွေဆိုရင် ကြောက်အားလန့်အား ပြေးကြတော့တာပဲ၊ ကျွန်တော် ခုထက်ထိ ကြောက်နေတုန်းပဲ" လို့ အရှေ့ ဖလောရက်စ် အရပ်ဒေသရှိ အဒိုနာရာကျွန်းရဲ့ ဒေသခံတစ်ဦးဖြစ်တဲ့ နူရိုင်နီက ပြောပါတယ်။

ငလျင်လှုပ်မှုကို ခံစားခဲ့ရတဲ့ ဧရိယာတွေမှာ လက်ရှိအချိန်အထိ သေဆုံးမှုတွေ ဒါမှမဟုတ် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတွေ သတင်းတွေ ထွက်ပေါ်တာမျိုး မရှိသေးပါဘူး။ ဒါပေမယ့်လည်း ဒေသခံတွေ သတိရှိကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

"ငလျင်ဗဟိုချက်နဲ့ အနီးဆုံးနေရာတွေမှာတော့ ခုချိန်မှာ ဘေးကင်းနေဆဲပါ၊ ထိခိုက်ပျက်စီးမှု မရှိခဲ့ပါဘူး" ဟု အရှေ့ဖလောရက်စ် ဒေသ အကြီးအကဲ အန်တိုနီယပ်စ် ဟူဘာ့တပ်စ် ဂီဂီ ဟက်ဒ်ဂျွန်က Metro TV ကို ပြောပါတယ်။

ဒါပေမယ့်လည်း ငလျင် လှုပ်ချိန်မှာ လူတိုင်း နေအိမ်တွေထဲကနေ အပြင်ကို ထွက်ပြေးခဲ့ကြကြောင်း ၎င်းက ပြောပါတယ်။

လက်ရှိမှာ ငလျင်လှုပ်မှုကို ခံစားခဲ့ရတဲ့ ဒေသတွေရှိ ဒေသခံတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့နဲ့ ကမ်းစပ်နဲ့ ဝေးတဲ့ ဘေးကင်းတဲ့ နေရာတွေကို ရှာဖွေပြောင်းရွှေ့ကြဖို့ အင်ဒိုနီးရှား အာဏာပိုင်တို့က တိုက်တွန်းထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly