ထိုင်ဝမ်က ဇွန်လမကုန်မီ မြန်မာအလုပ်သမားများ ခေါ်ယူမည်

ထိုင်ဝမ်က ဇွန်လမကုန်မီ မြန်မာအလုပ်သမားများ ခေါ်ယူမည်

ထိုင်ဝမ်က မြန်မာနိုင်ငံမှ အလုပ်သမားများကို အစမ်းပျိုးလုပ်ငန်းစဉ်အရ ယခုနှစ် နှစ်ဝက်မကုန်မီ ခေါ်ယူရန် စီစဉ်လျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လင်းက အတည်ပြုပြောကြောင်း ဌာနေသတင်းစာတစ်စောင်က ဖော်ပြသည်။

ပြီးခဲ့သည့်နှစ်က တိုင်ပေ၏ သံတမန်ရေးရာဖော်ဆောင်လာမှုက အရှေ့တောင်အာရှကို ပစ်မှတ်ထားလာလျက်ရှိကြောင်း၊ ဒီဇင်ဘာလအတွင်းက အင်ဒိုနီးရှားဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာတွင် ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ခဲ့ကြောင်း လင်း၏ ပြောဆိုချက်ကို Commercial Times သတင်းစာက ဒီဇင်ဘာ ၃၁ ရက်က ဖော်ပြခဲ့သည်။

မြန်မာအစိုးရကလည်း ၂၀၁၅ ဇွန်လအတွင်းက မြန်မာကုန်သွယ်ရေးရုံးကို တိုင်ပေတွင် ဖွင့်လှစ်ခဲ့ပြီးလည်းဖြစ်ပြီး နောက်ထပ်ခြေလှမ်းအနေဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားများကို ထိုင်ဝမ်သို့ ခေါ်ယူရန်ရှိကြောင်းလည်း လင်းက ပြောသည်။

ထိုင်ဝမ်လျှပ်စစ်ကုမ္ပဏီများက မြန်မာအလုပ်သမားများကို ခေါ်ယူငှားရမ်းသွားမည်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။

ထိုသို့ အလုပ်သမားများ ငှားရမ်းခြင်းအတွက် စည်းမျဉ်းစည်းကမ်းများကိုလည်း အလုပ်သမားဝန်ကြီးဌာနက ရေးဆွဲပေးသွားမည်ဖြစ်သည်။

ထိုင်ဝမ်တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ အလုပ်သမားများကို အများဆုံးခေါ်ယူခြင်းဖြစ်ပြီး အင်ဒိုနီးရှားမှ အိမ်အကူများက အများဆုံးဖြစ်သည်။

သို့သော် အင်ဒိုနီးရှားအစိုးရက အိမ်အကူများ စေလွှတ်ခြင်းကို ၂၀၁၇ ခုနှစ်မတိုင်မီ ရပ်ဆိုင်းသွားရန် ဆုံးဖြတ်ထားခြင်းကြောင့် ထိုင်ဝမ်အနေဖြင့် အခြားနိုင်ငံခြားသားအလုပ်သမားများကို ခေါ်ယူနိုင်ရေး လုပ်ဆောင်လာရခြင်းဖြစ်သည်။

မြန်မာအစိုးရကလည်း ထိုင်ဝမ်သို့ အလုပ်သမားများ စေလွှတ်နိုင်ရေးကို ဆန္ဒရှိထားရာ ထိုင်ဝမ်အတွက်လည်း အလုပ်သမားလိုအပ်ချက်အတွက် ကောင်းမွန်ချက် တစ်ခုဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

ထိုင်ဝမ်အတွက် အလုပ်သမားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည့် အခြားရင်းမြစ်များက သီရိလင်္ကာနှင့် လာအိုနိုင်ငံတို့ ဖြစ်လာနိုင်ခြေလည်း ရှိသည်။

၂၀၁၅ နှစ်မကုန်မီ မြန်မာနိုင်ငံမှ အလုပ်သမား ၁၅၀ ကို ထိုင်ဝမ်က ခေါ်ယူသွားမည်ဟူသော သတင်းနှင့် ပတ်သက်၍မူ အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်က ငြင်းဆန်လိုက်ပြီး အလုပ်သမားခေါ်ယူရေးအတွက် နှစ်ဖက်အနေဖြင့် အချိန်သတ်မှတ်ချက် မဆုံးဖြတ်ရသေးကြောင်း ပြောထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly