ထိုင်ဝမ်ကို နိုင်ငံတကာ ထောက်ခံမှုအပေါ် တရုတ် ကာကွယ်ရေးဝန်ကြီး စိုးရိမ် 

By TaiwanNews (June 1)
07 June 2023
ထိုင်ဝမ်ကို နိုင်ငံတကာ ထောက်ခံမှုအပေါ် တရုတ် ကာကွယ်ရေးဝန်ကြီး စိုးရိမ် 

 ထိုင်ဝမ်သည် နိုင်ငံခြားမဟာမိတ်များ၏ အကူအညီဖြင့် နိုင်ငံ လွတ်လပ်ရေးအတွက် လှုပ်ရှားနေမှုများကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက စိုးရိမ်ကြောင်း ထုတ်ပြန်လိုက်သည်။

 အဆိုပါ မှတ်ချက်သည် တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန် နှင့် စင်ကာပူကာကွယ်ရေးဝန်ကြီး နီအင်ဟန်း တို့ကြား တံခါးပိတ်တွေ့ဆုံမှုမှ ထွက်ပေါ်လာကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တန်ကီဖန်း မှ ပြောကြားခဲ့ခြင်းဖြစ်သည်။ "ခွဲထွက်ရေးအင်အားစုများ" ဟူသော အသုံးအနှုန်းထက် ထိုင်ဝမ်၏ အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ဟု တန် က ထည့်သွင်းပြောကြားသည်။ 

 တရုတ်သည် ရေလက်ကြားဖြတ်ကျော်ရေးဆိုင်ရာ ကိစ္စရပ်များတွင် စစ်အင်အား အသုံးပြုမှုကို လုံးဝလက်လွှတ်မည် မဟုတ်ကြောင်း တန်က ထုတ်ပြန်ချက်တွင် အလေးပေးပြောကြားခဲ့သည်ဟု NewTalk က ဖော်ပြသည်။ ၎င်း၏ မှတ်ချက်များတွင် DPP ကို ထိုင်ဝမ်တွင် အုပ်ချုပ်နေသည့် ပါတီအဖြစ် ရှင်းရှင်းလင်းလင်း ဖော်ပြသည်။ DPP အား ရည်ညွှန်းချက်များသည် အများအားဖြင့် အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနထက် ထိုင်ဝမ်ရေးရာရုံး (TAO) မှ လာသည်ဟု ဟောင်ကောင်အခြေစိုက် South China Morning Post က မှတ်ချက်ပြုသည်။

“ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းနေချိန်မှာ နိုင်ငံခြား တိုင်းပြည်တွေရဲ့ အထောက်အပံ့ ရရှိဖို့ ကျွန်းရဲ့ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံက ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး။ တရုတ်ကို ထိန်းချုပ်ရန် ထိုင်ဝမ်ကို အသုံးချဖို့ ပြင်ပအင်အားစုတွေရဲ့ ကြိုးပမ်းမှုတွေကို လက်ခံမှာ မဟုတ်ပါဘူး” ဟု တန် ၏ မှတ်ချက်စကားများကို တရုတ်အစိုးရထိန်းချုပ်ထားသော မီဒီယာက ဖော်ပြသည်။

 ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို နိုင်ငံတကာ၏ ထောက်ခံမှုဖြင့် ကာကွယ်ရန် ကြိုးပမ်းမှုများအပေါ် တရုတ်ကာကွယ်ရေးဝန်ကြီးက စိုးရိမ်ကြောင်း တန်၏ သတင်းထုတ်ပြန်ချက်တွင် ရှင်းလင်းစွာ ဖော်ပြသည်။ ထိုင်ဝမ်ရေလက်ကြားတွင် ပဋိပက္ခမဖြစ်မီ မဟာမိတ်များ၏ လုံခြုံရေး အတွက် ကြိုးပမ်းရာတွင် ထိုင်ဝမ်အစိုးရ အနေဖြင့် အောင်မြင်မှု ရရှိသွားမည်ကို တရုတ်စစ်တပ်က စိုးရိမ်နေကြောင်းလည်း DPP ၏ အကြံပြုချက်ကို တန် က တိုက်ရိုက်ဖော်ပြထားသည်။ 

 ဇွန် ၂ ရက်မှ ၄ ရက်အထိ ကျင်းပသည့် နှစ်ပတ်လည် ရှန်ဂရီလာ ကာကွယ်ရေးဖိုရမ်မတိုင်မီ တန်သည် စင်ကာပူတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းသည် တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးအဖြစ် စင်ကာပူသို့ လီရှန်း ၏ ပထမဆုံး ခရီးစဉ် ဖြစ်ပြီး ဇွန် ၄ ရက် တွင် ဖိုရမ်၌ မိန့်ခွန်းပြောခဲ့သည်။ 

တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် စင်ကာပူကာကွယ်ရေးဝန်ကြီးတို့သည် ဇွန် ၁ ရက် တွင် တွေ့ဆုံပြီးနောက် အရေးပေါ်အခြေအနေများတွင် ကာကွယ်ရေးဝန်ကြီးဌာန နှစ်ခု ကြား လျင်မြန်သောဆက်သွယ်မှုရရှိစေရန် စင်ကာပူ နှင့် တရုတ်တို့သည် ကာကွယ်ရေးဆိုင်ရာ hotline ထူထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

China’s defense minister worried over international support for Taiwan
https://www.intellasia.net/chinas-defense-minister-worried-over-internat...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required